မီးဘေးသင့် ထန်တလန်အတွက် ရခိုင်ရှိ သံဃာတော်များနှင့် ပြည်သူများမှ ငွေကျပ်သိန်း ၁၃၀ ကျော်လှူဒါန်း

By Western News/ 2021 November 24

ချင်းပြည်နယ် ထန်တလန် မီးဘေးသင့်စစ်ဘေးရှောင်များအတွက် ရခိုင်ပြည် မြို့နယ်အသီးသီးရှိ ရဟန်းရှင်လူ ပြည်သူများမှ အလှူငွေကျပ် ၁၃၆သိန်း ၆သောင်းအား လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းမှုကို ရခိုင်ပြည်နယ် အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်းသား၊ သူများအဖွဲ့ CUSR ကတစ်ဆင့် နိုဝင်ဘာ ၂၃ ရက်နေ့က စစ်တွေမြို့တွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ချင်းနှင့် ရခိုင်တို့ဟူသည် ညီအစ်ကို မောင်နှမ ကဲ့သို့​ ဖြစ်ပြီး ခွဲခြားမရနိုင်ဘဲ အတူရောတင်းနေထိုင်နေကြသည့် လူမျိုးများဖြစ်သောကြောင့် မိမိတို့တတ်နိုင်သည့်ဖက်မှ ပါဝင်ကူညီလှူဒါန်းခြင်းဖြစ်သည်ဟု အလှူဖြစ်မြောက်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ဦးပညာဇောတ က Western News ကိုမိန့်သည်။

“ရခိုင်ပြည်မှာ ပြည်သူတွေစစ်ဘေးဒဏ်ကို ဆိုးရွားစွာခံစားဖူးတော့ စစ်၏ဆိုးကျိုးကို ခံစားဖူးကြတယ်။ ဆိုတော့ လွန်ခဲ့တဲ့ ၃ ပတ်လောက်က ချင်းပြည်သူတွေလည်း စစ်ဒဏ်ကိုခံပြီး နေအိမ်တွေကို ပစ်ပြီးထွက်ပြေးကြရတော့ ကိုယ်တော်တို့ပြည်သူတွေခံစားခဲ့ရသလို ကိုယ်ချင်းစာမိပါတယ်။ ချင်းလူမျိုးနှင့် ရခိုင်လူမျိုးတို့ဆိုတာက ညီအစ်ကိုအရင်းတွေလို တစ်ပြည်တည်း အတူရောနှောနေထိုင်ကြတဲ့လူမျိုးတွေဖြစ်တယ်။ ရခိုင်ပြည်မှာ ချင်းလူမျိုးတွေ နေထိုင်ကြသလို ချင်းပြည်နယ်မှာလည်း ရခိုင်လူမျိုးတွေအတူတကွနေထိုင်ကြတော့ ချင်းနှင့်ရခိုင်ဆိုတာက ခွဲခြားလို့မရနိုင်ဘူး။ အဲ့တာကြောင့် ချင်းပြည်သူတွေ စစ်ဘေးဒုက္ခတွေခံစားနေရချိန် လူသားချင်းစာနာထောက်ထားမှုရှိသလို၊ ညီအစ်ကိုအရင်းတွေလို သဘောထားပြီး ကိုယ်တော်တို့ တတ်နိုင်တဲ့ဖက်က ပါဝင်ကူညီလှူဒါန်းခြင်းဖြစ်တယ်” ဟုမိန့်သည်။

မကြာသေးမီကလည်း ထန်တလန်မြို့မှ မီးဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဖြင့်ရခိုင်ပြည်နယ်ရှိအရပ်ဖက်အဖွဲ့အစည်းများမှ အလှူငွေကျပ်သိန်း ၈၇ ကိုလှူဒါန်းပေးခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့သို့ လက်နက်ကြီးကျည်ဆံကျရောက်ပြီး ခရစ်ယာန် ဘုရားကျောင်း ၂ ကျောင်းနှင် တည်းခိုခန်းအပါဝင် အိမ် ၁၉ အိမ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

ထို့အပြင် အောက်တိုဘာ ၂၉ ရက်နေ့တွင် မြို့ပေါ်တစ်ခုလုံးနီးပါး မီးရှို့ခံလိုက်ရသဖြင့် လူနေအိမ် ၁၆၀ ကျော် မီးလောင်ကျွမ်းခဲ့သည်ဟု မီဒီယာများတွင် ဖော်ပြချက်အရသိရသည်။

https://www.facebook.com/westernnewsagency/posts/415615310244979

Leave a Reply

Your email address will not be published.