မီးဘေးသင့် ထန်တလန်အတွက် ရခိုင်မှ ငွေကျပ် ၈၇ သိန်း လှူဒါန်း

By Western News/ 2021 November 18

ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့က မီးရှို့ခံလိုက်ရသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့မှ မီးဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဖြင့်ရခိုင်ပြည်နယ်ရှိအရပ်ဖက်အဖွဲ့အစည်းများမှ အလှူငွေကျပ်သိန်း ၈၇ ကိုလှူဒါန်းပေးခဲ့သည်။

ရခိုင်ပြည်နယ်ရှိ မီဒီယာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ရခိုင်ပြည်သူပြည်သားများမှလှူဒါန်း ငွေကျပ် ၄၂ သိန်းကျော်ကို ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများကွန်ရက်မှ တစ်ဆင့်လည်းကောင်း တရုတ်နိုင်ငံရောက် ရခိုင်သူ၊ သားများမှ ငွေကျပ် ၃၀ သိန်းကို ဝေဟင်အောင်ပရဟိတမှ တစ်ဆင့်လည်းကောင်း၊ သဇင်လူမှုဖွံ့ဖြိုးရေးအဖွဲ့(TCDI)ဝန်ထမ်းများစုပေါင်း၍ ငွေကျပ် ၁၅ သိန်းကိုလည်းကောင်း အသီးသီးလှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

မီးရှို့ခံလိုက်ရသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့မှ မီးဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဖြင့် လှူဒါန်းရခြင်းဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများကွန်ရက်မှ နာယက ကိုမင်းဘာချေ(ခေါ်)သန်းလှ က ပြောသည်။

“ ထန်တလန်တစ်မြို့လုံးနီးပါးမီးရှို့ခံလိုက်ရလို့ လူသားချင်းစာနာမှုနဲ့ အခုလိုလှှူဒါန်းရတာဖြစ်တယ်။ အခုလှူဒါန်းလိုက်တဲ့အလှူငွေက ရခိုင်မီဒီယာတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ရခိုင်ပြည်သူပြည်သားတို့ဆီက ကောက်ခံရရှိတဲ့ အလှူငွေတွေဖြစ်တယ်။ ရခိုင်မှာတုန်းကလည်း ရွာတွေမီးရှို့ခံလိုက်ရတာတွေရှိတယ်။ ကျွန်တော်တို့က ချင်းပြည်သူ တွေကိုကိုယ်ချင်းစာတယ်။ ချင်းပြည်သူတွေဆိုတာကလည်း ညီအစ်ကိုတွေပဲလေ”ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့သို့လက်နက်ကြီးကျည်ဆံကျရောက်ပြီး ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းနှင့် တည်ခိုခန်းအပါအဝင် အိမ်ခြေ ၁၉ ဆောင်မီးလောင်ကျွမ်းခဲ့ရသည်။

ယင်းအပြင် အောက်တိုဘာ ၂၉ ရက်နေ့တွင် မြို့ပေါ်တစ်ခုလုံးနီးပါး မီးရှို့ခံလိုက်ရသဖြင့် လူနေအိမ် ၁၆၀ ကျော်မီး လောင်ကျွမ်းခဲ့ရသည်ဟု သတင်း‌ဖော်ပြချက်များအရသိရသည်။

https://www.facebook.com/westernnewsagency/posts/411815677291609

Leave a Reply

Your email address will not be published.