By Western News/ 2021 November 14
မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဂျပန်အစိုးရ၏မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနှင့် ရခိုင့်ဦးဆောင်ပါတီ(AFP)ပါတီ အပါအဝင် တိုင်းရင်းသားပါတီ ၄ ခုတို့လာမည့် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးရန်ရှိသည်ဟု တာဝန်ရှိသူကပြောသည်။
ရခိုင့်ဦးဆောင်ပါတီ(AFP)အပါအဝင် တိုင်းရင်းသားပါတီ ၄ ပါတီတို့မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၏ အဖွဲ့ဝင်ပါတီများဖြစ်သည့်အတွက် ယခုလိုတွေ့ဆုံဆွေးနွေးရခြင်းဖြစ်သော်လည်း ဆွေးနွေးမည့်အကြောင်းအရာကို တိတိကျကျမသိရှိရသေးကြောင်း AFP၏ဥက္ကဒေါက်တာအေးမောင်က Western News ကိုပြောသည်။
“ ဆွေးနွေးမယ့်အကြောင်းအရာကတော့ မသိသေးဘူး။ ပါတီ ၄ခုပေါ့။ ကျွန်တော့်တို့ပါတီက ငြိမ်းချမ်းရေးနှင့် ပတ်သက်တဲ့နိုင်ငံရေးပါတီအစုအဖွဲ့မှာပါလို့ မစ္စတာဆာဆာကာဝါကတွေ့ဆုံချင်တာထင်တယ်။သူ့မှာက တွေ့လိုတဲ့အကြောင်းရင်းခံတစ်ခုရှိဖို့ပေါ့လေ။ သူလာတဲ့ရည်ရွယ်ချက်ရှိဖို့။ တိုင်းရင်းသားဒေသ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့နိုင်တယ်။ ကျွန်တော်တို့ကတော့ ကိုယ့်ရဲ့အခြေခံကိုဦးတည်ပြီးမှသာ အမြင် ဖလှယ်ကြမယ်။ ရခိုင်ဆိုရင် ရခိုင်အခြေခံကိုကျွန်တော်ကဆွေးနွေးနိုင်တယ်။”ဟုဆိုသည်။
ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ်တွင်လည်း မစ္စတာဆာဆာကာဝါမှာ စစ်တွေမြို့ရှိ စစ်တွေဟိုတယ်တွင် ရခိုင်အမျိုးသား ပါတီ (ANP) မှတာဝန်ရှိသူတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယခုခရီးတွင် ရခိုင်အမျိုးသားပါတီ(ANP)နှင့် တွေ့ဆုံရန် ရှိ၊မရှိကို သိလို၍ ပါတီဥက္ကဦးသာထွန်းလှကို Western News က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။
ဂျပန်အစိုးရ၏မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ် စားလှယ် မစ္စတာဆာဆာကာဝါသည် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၂ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာပြီးနောက် နိုဝင်ဘာ ၁၃ ရက်နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်မှာတွေ့ဆုံခဲ့ကြသည်။
https://www.facebook.com/westernnewsagency/posts/409134324226411