By Western News/ 2021 November 7
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကူးတို့ဆိပ်ကျေးရွာရှိ အလကကျောင်းခွဲမှာ ယနေ့ နိုဝင်ဘာ ၇ ရက် ညည့် သန်းခေါင်ကျော်အချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။
မီးမှာကျောင်းဆောင်အတွင်းမှစ၍ လောင်ကျွမ်းလာခြင်းဖြစ်ပြီး အဘယ်ကြောင့်လောင်ကျွမ်းသည်ကို သိရှိမှုမရှိ သေးကြောင်း လက်ရှိတွင်၎င်းကျောင်းဆောင်အား ဌာနဆိုင်ရာများမှ လာရောက်စစ်ဆေးလျှက်ရှိသည်ဟု အဆိုပါကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဟာဘေဆ် ကပြောသည်။
“ကျောင်းက ညည့် ၂ နာရီလောက်မှာလောင်တာပါ။ ကျောင်းဆောင်အတွင်းကစလောင်တာပါပဲ။ ကျောင်းမှာ လည်း ဘယ်သူမှမနေပါဘူး။ ညစောင့်တွေဘာတွေလည်း မထားဘူး။ မီးဘာကြောင့်လောင်သွားတယ်ဆိုတာကိုလည်း ခုထိမသိသေးပါဘူး။ ခုတော့ဌာနဆိုင်ရာတွေဖြစ်တဲ့ ပညာရေး၊ မယက၊ မီးသတ်နှင့် ရဲ တွေကလာပြီးတော့ စစ်ဆေးတာတွေရှိပါတယ်” ဟုပြေသည်။
စာသင်ကျောင်းမှာ အောက်ခြေကွန်ကရစ် တစ်ရစ်လောက်သာကျန်ခဲ့ပြီး ၎င်းကျောင်းရှိ ကျောင်းသားများ စာဆက်သင်နိုင်ရန် ဆောက်လက်စကျောင်းဆောင်သစ်တစ်ခုရှိထားပြီးဖြစ်ကာ ပညာရေးပိုင်းလစ်ဟာမှု မရှိအောင် စီစဉ်ဆောင်ရွက်လျှက်ရှိသည်ဟု ဘူးသီးတောင်ပညာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်တင်အောင် ကပြောသည်။
“မီးလောင်သွားတော့ နံရံတွေ အမိုးတွေအကုန်ပါသွားတယ်။ အောက်ခြေက ကွန်ကရစ်တက်ထားတဲ့ဟာလေးပဲ ကျန်ခဲ့တာပေါ့။ ခုက စာသင်ချိန်ဆိုတော့ ကျောင်းကမီးလောင်သွားပေမယ့် ဆောင်လက်စရှိတဲ့ ကျောင်းမှာ သင်နိုင်ဖို့လုပ်နေပါတယ်။ အဲဒီကျောင်းကလည်းပြီးတော့မယ်။ ပြတင်းတွေပဲတတ်ဖို့ကျန်တော့တာ။ စာသင်ခုံတွေ ကမီးထဲပါသွားတာဆိုတော့ မြို့နယ်ပညာရေးပိုင်းကအဆင်ပြေအောင် စီစဉ်လုပ်ဆောင်ပေးနေပါတယ်” ဟုပြောသည်။
မီးလောင်သွားသည့် စာသင်ကျောင်းမှာ အလျား ၆၀ ပေ၊ အနံ ၄၀ ပေနှင့် အမြင့် ၁၂ ပေရှိပြီး ကျောင်းတွင် ကျောင်းတက်ရောက်သည့် ကျောင်း/သားသူပေါင်း ၁၆၅ ဦး၊ ကျောင်းဆရာ/မ ၄ ဦးနှင့် ကျောင်းလုပ်သား ၁ ဦးတို့ရှိသည်ဟု သူကဆက်ပြောသည်။
စာသင်ကျောင်း မီးလောင်ကျွမ်းသောသည့် ကူးတို့ဆိပ်ကျေးရွာမှာ ဘူးသီးတောင်မြို့နှင့် ၃ မိုင်ကျော်ခန့်အကွာ အဝေးရှိပြီး အိမ်ထောင်စု ၁၅၀ နေထိုင်ကြသည့် ကျေးရွာတစ်ရွာဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/404705671335943