By Western News/ 2021 November 13
ရခိုပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းစျေးမွတ်ဆလင်ကျေးရွာရှိ အာရဗီကျောင်း(နှစ်ထပ်) ယနေ့ နိုဝင်ဘာ ၁၃ ရက် နံနက် ၄ နာရီကျော်အချိန်ခန့်က မီးရှို့ခံလိုက်ရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။
အဆိုပါကျောင်းဆောင်ကို မည်သည့်ရည်ရွယ်ချက်ဖြင့် မီးရှို့ခဲ့ကြသည်ကို တိတိကျကျမသိရှိရသေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာဘီဇူရာမန်က Western News ကို ပြောသည်။
“ဒီနေ့ ၄ နာရီကျော်မှာ မီးရှို့ခံလိုက်ရတာ။ မီးကိုတော့ရွာသူ၊ သားတွေဝိုင်းလို့ မီးငြိမ်သတ်လိုက်တာ။ ကျောင်းဆောင်က နှစ်ထပ်ဆောင်ပါ။ အပေါ်ကအထပ်ဆောင်လောင်သွားတာ။ ဘယ်သူတွေလုပ်သွားတာလဲ မသိသေးဘူး။ စုံစမ်းနေတယ်။ ရှုံးဆုံးမှုတန်ဖိုးကိုတော့ မသိသေးဘူး”ဟု ဆိုသည်။
အာရဗီကျောင်းဆောင်မှာ အလျားပေ ၁၀၀ ကျော်၊ အနံပေ ၂၂ ရှိကာ ပျဥ်စီးပျဥ်ထောင် သွပ်မိုးဖြစ်ကြောင်း မီးလောင်သွားသည့်အပေါ်အထပ်ရှိ အခန်းများအကုန်လုံးပျက်စီးသွားသော်လည်း လူများတစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှုမရှိဟု ဦးဟာဘီဇူရာမန်ကပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းစျေးကျေးရွာအုပ်စု၊ ဖော်တေအာ လီမွတ်ဆလင်ကျေးရွာရှိ အလက(ခွဲ)စာသင်ကျောင်းအတွင်းရှိ အဆောင်ငယ်တစ်ခုကို မီးရှို့မှုဖြစ်ပွားခဲ့သည်ဟု ဘူးသီးတောင်မြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေကပြောသည်။
“ အရင်ကလည်း ဖော်တေအာလီမွတ်ဆလင်ရွာက စာသင်ကျောင်းအထဲက အဆောင်ငယ်တစ်ခု မီးလောင်မှု ဖြစ်သွားခဲ့တယ်။ အခုလည်းတစ်မီးလောင်တယ်ဆိုတော့ ဒါကရည်ရွယ်ချက်ရှိရှိလုပ်နေတာလား စဥ်းစားမိတယ်။ ဒီရွာတွေမှာက အုပ်စုကွဲတွေရှိတယ်။ အုပ်ချုပ်တဲ့အုပ်စုတွေကို တစ်ဖက်က မနာလိုလို့လုပ်တာလားလို့ ကျွန်တော် သုံးသပ်မိတယ်”ဟုဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး မြို့မရဲစခန်းကိုဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
https://www.facebook.com/westernnewsagency/posts/408441027629074