By Western News/ 2021 November 20
ယခုနှစ်အတွင်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင်ကျေးရွာတစ်ချို့တွင် ဘာသာရေး အဆောက်အဦးများ၊ စာသင်ကျောင်းများနှင့် လူနေအိမ်တို့ မီးရှို့ခံရမှု၊ မီးလောင်ကျွမ်းမှုတို့ မကြာခဏဆိုသလို ဖြစ်ပွားနေသည်ဟု ဒေသခံကျေးရွာသားများကပြောသည်။
ယမန်နေ့ နိုဝင်ဘာ ၁၉ ရက် နံနက် ၄ နာရီကျော်အချိန်ခန့်တွင် ငါးရန့်ချောင်းအုပ်စု ယင်းမကျေးရွာတွင် လူနေအိမ် ၂ ဆောင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု ကျေးရွာတာဝန်ခံ ဦးယာယာက Western News ကိုပြောသည်။
“လူတွေက နေအိမ်မီးလောင်နေတဲ့အချိန်မှ သိကြတာ။ မီးက ဘယ်လိုလောင်သွားတာလဲဆိုတာကို သေသေချာချာ မသိသေးဘူး။ မီးရှို့ခံရတာလား၊ ပေါ့ဆမှုနဲ့လောင်တာလားမသိဘူး။ အိမ်တွေကတော့ အကုန်လုံး ပြာကျသွားတယ်။ ရဲနဲ့မီးသတ်တပ်ဖွဲ့တိုကတော့ စစ်ဆေးမှုတွေလုပ်နေတယ်လို့သိရတယ်။ လူတွေတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး”ဟုဆိုသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့်နေအိမ်များမှာ ဦးရာကွပ်နေထိုင်သည့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်အိမ်နှင့် နေအိမ်အတွင်းရှိ ဝါးထရံကာ၊ သွပ်မိုး၊ ပျဉ်ခင်းစပါးကျီတို့ဖြစ်သည်။ ယင်းအပြင် ၎င်းနေအိမ်၏ နောက်ကျောခြံ စည်းရိုးအပြင်ဘက်ရှိ လူမနေသည့် နေအိမ်တစ်ဆာင်တို့ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ဦးယာယာက ပြော သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့၌လည်း ဘူးသီးတောင်မြို့နယ် မီး ကျောင်းဈေး ကျေးရွာတွင် အာရဗီကျောင်း(နှစ်ထပ်) မီးရှို့ခံရမှုဖြစ် ပွားခဲ့ပြီး ၎င်းမတိုင်မီအချိန်ကလည်း အဆိုပါကျေးရွာတွင်ပင် ဘာသာရေးအဆောက် အဦးတစ်ခု မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
ယခုလို ဘူးသီးတောင်မြို့နယ်တွင် နေအိမ်များ၊ ဘာသာရေးအဆောက်အဦးများနှင့် စာသင်ကျောင်းများ မီးရှို့ခံရမှု၊ မီးလောင်ကျွမ်းမှုဖြစ်ပွားနေသည်ကို သက်ဆိုင်ရာတို့က လာရောက်စုံစမ်းမေးမြန်းမှုများရှိသော်လည်း တစ်စုံတစ် ရာသိရှိခြင်းမရှိသေးကြောင်း ဘူးသီးတောင်ဒေသခံ ဦးရော်ဖီးကပြောသည်။
“ခုလို ဘာသာရေး အဆောက်အဦးတွေ၊ ပညာရေးအဆောက်အဦးတွေ၊ လူနေအိမ်တွေ မီးလောင်တော့ ကျနော်တို့လည်းစိတ်မကောင်းဖြစ်ရပါတယ်။ ဒါကလွဲပြီးလည်းမတတ်နိုင်ကြဘူးလေ။ သက်ဆိုင်ရာတွေက စုံစမ်းစစ်ဆေးမှုတွေရှိတယ် ဆိုပေမယ့် ဒီလိုမီးလောင်မှုတွေနဲ့ပတ်သက်လို့ ခုထိတော့ ဘာတစ်ခုမှ သေချာမသိရသေးပါဘူး” ဟုပြောသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းစျေးကျေးရွာအုပ်စု၊ ဖော်တေအာ လီမွတ်ဆလင်ကျေးရွာရှိ အလက(ခွဲ)စာသင်ကျောင်းအတွင်းရှိ အဆောင်ငယ်တစ်ခုကို မီးရှို့မှုဖြစ်ပွားခဲ့သည်ဟုသိရှိရသည်။
ဘူးသီးတောင်မြို့နယ်တွင် ယခုကဲ့သို့မီးလောင်မှုဖြစ်ပွားနေခြင်းများနှင့်ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းဝင်းနိုင်အား မေးမြန်းကြည့်ရာ ၎င်းတို့အနေဖြင့် စုံစမ်းစစ်ဆေးနေဆဲဖြစ်သည် ဟု ပြောသည်။
“မနေ့က ယင်းမက လူနေအိမ်တွေမီးလောင်တာကိုတော့ ဆုံးရှုံးမှုတန်ဖိုးတွေတွက်ထားတယ်။ မီးလောင်မှုတွေ ကိုလည်း ဘယ်လိုပုံစံမျိုးနဲ့လောင်တယ်ဆိုတာ တာဝန်ရှိသူတွေကစုံစမ်းနေပါတယ်” ဟုပြောသည်။
https://www.facebook.com/westernnewsagency/posts/413068363833007