By Development Media Group (DMG)/ 2021 October 3
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကိုဗစ်နှင့်သေဆုံးခဲ့ပြီး ၎င်း၏မိသားစုဝင် ၆ ဦးကို စစ်ဆေးရာတွင် ၄ ဦး၌ ကိုဗစ်ပိုးတွေ့ရှိရကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းက DMG သို့ပြောသည်။
“ကိုဗစ်နဲ့သေဆုံးသွားတာက အသက် ၂၈ အရွယ် ကိုယ်ဝန်ဆောင်မိခင်ပါ။ သူမရဲ့မိသားစု ၆ ဦးကိုစစ်ဆေးရာမှာ မိသားစု ၄ ဦးထံမှာ ကိုဗစ်ပိုးထပ်တွေ့ထားတယ်”ဟု ဘူးသီးတောင်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းကပြောသည်။
သေဆုံးခဲ့သည့်ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ဘူးသီးတောင်မြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စုမှ အသက် ၂၈ နှစ်အရွယ်ရှိသူဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ နေထိုင်မကောင်း၍ ဆေးရုံတက်ရောက်လာစဉ် အသက်ရှူကျပ်သည့်အတွက် အောက်ဆီဂျင်ပေးကုသခဲ့သော်လည်း အသက်ရှူကျပ်၍ သေဆုံးသွားသဖြင့် စစ်ဆေးခဲ့ရာ၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၂၅၉ ဦးရှိကာ သေဆုံးသူ ၁၁ ဦးနှင့် လက်ရှိဆေးကုသမှုခံယူနေသူ ၄ ဦးရှိကြောင်း ရခိုင်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ နိုဝင်ဘာလ ၂ ရက်နေ့စာရင်းအရ သိရသည်။
ရခိုင်တွင် ကိုဗစ်ကြောင့် ကလေးမွေးဖွားပြီးနောက် သေဆုံးသူနှင့် ကလေးမမွေးဖွားမီသေဆုံးသည့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုမှာ ကျောက်ဖြူမြို့တွင် (၂)ဦး၊ မင်းပြားမြို့တွင် (၁)ဦး၊ စစ်တွေမြို့တွင် (၂)ဦး၊ မောင်တောတွင် (၁)ဦးတို့ဖြစ်ကြောင်း DMG မှ ကောက်ယူထားသည့် သြဂုတ်လအထိစာရင်းအရ သိရသည်။
ကိုဗစ်တတိယလှိုင်းအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးမှုအရေအတွက်စုစုပေါင်းကိုသိရှိနိုင်ရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကို DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယင်းကိစ္စအား ဖြေကြားရန်အဆင်မပြေသေးကြောင်း ပြောသည်။
ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၅၁၀၄ ဦးရှိလာပြီး သေဆုံးသူ ၄၉၃ ဦးရှိကာ လက်ရှိကုသမှုခံယူနေရသူ ၄၄ ဦးသာကျန်ရှိတော့ကြောင်း သိရသည်။
https://www.facebook.com/dmgnewsagency/posts/2148112562007810