By Narinjara/ 2021 November 13
သဉ္ဇာနွယ်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မူဆလင်ဘာသာရေး ကျောင်းဆောင် အပေါ်ထပ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ၃ဝ ခန့် ထိခိုက်နစ်နာမူရှိခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားခဲ့သောကျောင်းမှာ ဘူးသီးတောင်မြို့နယ်၊ မီးချောင်းဈေးကျေးရွာတွင်တည်ရှိသော အလျားပေ ၁၂၀၊ အနံ ၂၂ ပေ၊ သွပ်မိုး၊ အာရ်စီအမျိုးအစား ဘာသာရေးကျောင်း (၂)ထပ်ဆောင်ဖြစ်သည်။
အဆိုပါကျောင်းဆောင်အပေါ်ထပ်တွင် ယနေ့ နိုဝင်ဘာ ၁၃ ရက် နံနက် ၄ နာရီ ခွဲခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မီးချောင်းဈေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟာဘီဇီရာက နိရဉ္စရာကိုပြောသည်။
“မီးဘယ်လို လောင်သွားမှန်းမသိပါဘူး။ ရှို့မီးလား၊ ဒီအတိုင်းလောင်တာလား မပြောတတ်ဘူး”ဟုပြောသည်။
၎င်းမီးလောင်မှုကို မီးချောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရွာသူ/သားများက ဝိုင်းဝန်းမီးငြှိမ်းသတ်မှုကြောင့် နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြှိမ်းသွားခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်အား အသေးစိတ်စုံစမ်းလျက်ရှိကြောင်း သိရသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဘူးသီးတောင်မြို့နယ် မီးသတ်တပ်ဖွဲ့ကိုဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက် နံနက်အစောပိုင်းကလည်း အဆိုပါ မီးကျောင်းဈေးကျေးရွာအုပ်စုရှိ ကူးတို့ဆိပ်ကျေးရွာ အလက(ခွဲ)ကျောင်းအတွင်းရှိ ကျောင်းဆောင်တစ်ဆောင်နှင့် အနီးရှိနေအိမ်တစ် လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4875291262482912