By Western News/ 2021 November 12
နိုဝင်ဘာ ၁၁ ရက်နေ့မှ စ၍ ပြည်တွင်းလေကြောင်း ခရီးသည်များအား ကိုဗစ်ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်ရမှာဖြစ်ပြီး မြို့နယ်ပြည်သူကျန်းမာရေးဦးစီးရုံးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်ပေးထားသည့် ပုဂ္ဂလိကဆေးရုံများ၊ ဆေးခန်းများတွင် စစ်ဆေးပြီးမှ စီးနှံရမည်ဟုထုတ်ပြန်သည်။
လေကြောင်း ခရီးသည်များအနေဖြင့် ခရီးစဉ်မတိုင်မီ ၄၈ နာရီအတွင်း ကိုဗစ်-၁၉ ပိုးမရှိကြောင်း ဓာတ်ခွဲစမ်းသပ်ချက်အား Check-in ဝင်ရမည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။
ကိုဗစ်ဓာတ်ခွဲစစ်ရာတွင် တစ်နိုင်ငံလုံး ပြည်တွင်းလေကြောင်းခရီးသည်များစစ်ဆေးရမှာဖြစ်ပြီး အရင်က ရံဖန်ရံခါသာ စစ်ဆေးသော်လည်း နိုဝင်ဘာ ၁၁ ရက်နေ့က မဖြစ်မနေစစ်ဆေးရမည်ဟု Royal Thazin Linn Travels & Tours ခရီးသွားကုမ္ပဏီပိုင်ရှင် ဒေါ်စုသဇင်က Western News ကိုပြောသည်။
“ ကိုဗစ် ဓာတ်ခွဲစစ်ဆေးရမှာက တစ်နိုင်ငံလုံးစစ်ဆေးရမှာပါ။ စစ်တွေ- ရန်ကုန် ခရီးသည်တွေကတော့ စစ်တွေတက္ကသိုယ်ဟောင်းမှာ တစ်နေ့နှစ်ကြိမ်စစ်ပေးမှာပါ။ အခကြေးငွေယူမယူတော့ ကျန်းမာရေးဌာနကပဲလုပ်မှာပါ။ ကျွန်မတို့ကတော့ RDT ကတ်တွေစစ်ရမယ့်ဟာတွေအတွက် ဘယ်အချိန်၊ ဘယ်နေရာစစ်ဆေးရမယ်ဟာတွေကို MOHS ကညွှန့်ကြားပေးဖို့ခိုင်းထားတာပဲရှိတယ်။ အရင်ကတော့ ရံဖန်ရံခါ စစ်ဆေးရပေမယ့် အခုတော့မဖြစ်မနေစစ်ဆေးရမယ်”ဟုပြောသည်။
အစိုးရက အခမဲ့စစ်ဆေးပေးသော နေရာများရှိသော်လည်း အချိန်မပေးနိုင်သောကြောင်း ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင်သာ စစ်ဆေးခဲ့ပြီး ကုန်ကျစရိတ်ကြီးမားသည်ဟု ရန်ကုန်မှ စစ်တွေသို့ လေကြောင်းဖြင့်လာမည့် ခရီးသည်တစ်ဦးကပြောသည်။
“အစိုးရကတော့ အခမဲ့ စစ်ဆေးပေးမယ်လို့ ကြေငြာထားပေမယ့် အဲဒီမှာ လူအရမ်းများမှာစိုးလို့ အချိန်မပေးနိုင်တာကြောင့် ကျွန်တော်က အစိုးရခွင့်ပြုထားတဲ့ ပုဂ္ဂလိက ဓာတ်ခွဲခန်းမှာဘဲ စစ်ဖြစ်ခဲ့တယ်။ ဒါပေမ့အဲဒီမှာက ကုန်ကျစရိတ်တွေကကြီးတယ်”ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုကြောင်း ကိုဗစ်အတည်ပြုလူနာ ၅၁၂၆ ဦးရှိပြီး သေဆုံးလူနာ ၄၉၃ ဦးရှိခဲ့သည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
https://www.facebook.com/westernnewsagency/posts/407892961017214