ပလက်ဝ အထက(၁) ကျောင်းအတွင်း လက်လုပ်မိုင်းတစ်လုံးတွေ့ရှိ

By Narinjara/ 2021 November 5

ချစ်အိလှိုင်

Photo – Yin San

ချင်းပြည်နယ်၊ ပလက်ဝမြို့ ၊ မြို့မရပ်ကွက် အထက(၁) စာသင်ကျောင်းအတွင်းတွင် ယနေ့ နေ့လယ်က လက်လုပ်မိုင်းတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအထက(၁)စာသင်ကျောင်းရှိ သဇင်ခန်းမအနီးတွင် သံဗူးကို ဝါယာကြိုးများတပ်ဆင်ထားသည့် မပေါက်ကွဲသေးသော လက်လုပ်မိုင်းတစ်လုံးကို ယနေ့ နိုဝင်ဘာလ ၅ ရက် နေ့လယ် ၁ နာရီခွဲခန့်က ကျောင်းလုပ်သား ဦးအောင်သိန်းလှ၏ညီက စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်သိန်းလှက နိရဥ္စရာအားပြောသည်။

“သဇင်ခန်းမနဲ့ ရှစ်တန်း(A) အခန်းကြားက အပင်တစ်ပင်အောက်မှာပါ။ ဖုန်းတစ်လုံးနဲ့ချိတ်ထားတာပါ။ သံဗူးတစ်ခုထဲမှာ ဝါယာကြိုးတွေတပ်လို့ပါ။ ကျွန်တော့်ညီကို လူတစ်ယောက်ပြခဲ့တာတဲ့။ အဲဒီလူက မျက်နှာစိမ်းပဲ။ မမှတ်မိဘူးတဲ့။ ဖုန်းနဲ့ အိုင်ကွန်နဲ့ ချိတ်ထားတာပါ” ဟု ပြောသည်။

၄င်းကျောင်းကို နိုဝင်ဘာ ၁ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်နေခြင်းဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားများ ကျောင်းဆင်းသွားချိန် ကျောင်းလုပ်သား၏ညီဖြစ်သူက သန့်ရှင်းရေးလုပ်နေစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

အဆိုပါမိုင်းကို ခလရ(၂၈၉)တပ်က လာရောက်ဖြုတ်ယူသွားခဲ့ပြီး အန္တရာယ်ရှိကြောင်းပြောဆိုခဲ့သည်ဟုလည်း ဦးအောင်သိန်းလှက ဆက်ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ပလက်ဝမြို့နယ်ပညာရေးမှူး ဦးကီးလောဟာနှင့် ပလက်ဝမြို့နယ်ရဲတပ်ဖွဲ့တို့ထံ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ဒုမြို့နယ်ပညာရေးမှူး ဦးမောင်းလိုက်နှင့် ပလက်ဝအထက(၁)ကျောင်းမှ ယာယီကျောင်းအုပ်ဆရာမကြီး ဒေါ်လေးသီတာဖြိုးတို့ကို ထပ်မံဆက်သွယ်ရာ ခရီးလွန်နေကြသည်ဟု ပြောသည်။

ပလက်ဝမြို့ မြို့မရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးအနီးတွင် လွန်ခဲ့သည့် မေလ ၂၈ ရက်ကလည်း မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဒေသခံလူငယ် (၄) ဦးကို ဖမ်းဆီးပြီး ပုဒ်မ ၅ဝ၅(ခ)ဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4849816048363767

Leave a Reply

Your email address will not be published.