By Western News/ 2021 November 29
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ကျောက်တော်နှင့် ပလက်ဝ သွားလာသည့် ရေလမ်းကြောင်းများပိတ်ထားမှုကြောင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကာ ကုန်ဈေးနှုန်းများအဆမတန် မြင့်တက်မှုနှင့်ကြုံနေရသည်ဟု ပလက်ဝဒေသခံများကပြောသည်။
လက်ရှိတွင် ပေါ်ဆန်းမွှေးတစ်အိတ်ကို ၆၅၀၀၀ ကျပ်နှုန်းရှိပြီး စားသုံးဆီ တစ်ပီပါကို ၄၃၀၀၀၀ ကျပ်ရှိကာ ကျန်ကုန်ပစ္စည်းများမှာလည်း ယခင်ဈေးနှုန်း၏ တစ်ဝက်ကျော်ခန့်ဈေးမြင့်တက် လျှက်ရှိသည်ဟု ပလက်ဝမြို့မှ ကုန်စုံဆိုင်ရောင်းချသည် ဦးစောလှ ကပြောသည်။
“ရေလမ်းကြောင်းပိတ်ထားတော့ ကုန်သယ်ယူခွင့်လည်းမရှိဘူး။ လူသွားခွင့်လည်းမရှိဘူး။ ခက်တာက သွားခွင့်မရှိရင်အကုန်လုံး ဘယ်သူမှ မသွားရဘူးဆိုတာမျိူးလဲမဟုတ်ပြန်ဘူး။ သူတို့နဲ့ ပေါင်းပြီး အဆင်ပြေတဲ့လူကို ကုန်သယ်ခွင့်၊ လူတင်ခွင့်တွေပေးထားတယ်။ သူတို့ကဒီမှာ ပြန်ရောင်းရင် ဈေးတွေမတရားမြင့်ရောင်းတယ်လေ။ မဝယ်ရင်လည်း ငတ်ရုံပဲ ဈေးဘယ်လောက်ပဲတောင်းတောင်း ဝယ်စားကြရတာပါပဲ။ ခုဆို ပေါ်ဆန်းမွှေးတစ်အိတ် ၆၅၀၀၀၊ ဆီတစ်ပီပါကို ကျောက်တော်မှာ ၃၃၀၀၀၀ ဆို ဒီမှာ ၄၃၀၀၀၀ တင်ရောင်းကြတာ။ အရင်ကဈေးထက် တစ်ဝက်ကျော်နှုန်းလောက် ဈေးတွေကထပ်မြင့်နေတာ” ဟုပြောသည်။
ပလက်ဝမှ ကျောက်တော်သို့သွားလျှင် ယခင်စက်လှေကြေး ၃၀၀၀ မှ ၅၀၀၀ အထိသာရှိခဲ့သော်လည်း ယခု တစ်ဦးလျှင် ၃၀၀၀၀ ကျပ်ထိပေးဆောင်ပြီး လိုက်ပါကြရသည်ဟု သူကဆက်ပြောသည်။
ရေလမ်းကြောင်းများ ပိတ်ထား၍ စက်လှေဖြင့်လုပ်ကိုင်စားသောက်နေသူတို့မှာလည်း ကြုံရာသာလုပ်ကိုင်နေရတော့သည်ဟု ပလက်ဝမှ စက်လှေအသင်းအတွင်းရေးမှူး ဦးဘိုအေးလွင် ကပြောသည်။
“ပိတ်ထားတာကတော့ ကြာပြီ။ ပလက်ဝမှာရှိတဲ့ တပ်မ ၁၁ ကပိတ်ထားတာ။ သူတို့နဲ့ညှိပြီး စက်လှေထွက်လို့ရတဲ့ လှေ ၂ စီးတော့ရှိတယ်။ ကျန်လူတွေတော့ထွက်ခွင့်မရှိဘူး။ ဒီရေလမ်းကြောင်းမှာ စက်လှေမောင်းပြီးလုပ်ကိုင်နေတဲ့ လှေ ၄၀ လောက်ရှိတယ်။ အခုတော့အားလုံး အလုပ်လက်မဲ့နဲ့ ကြုံရာပဲလုပ်နေကြရတာပေါ့” ဟုပြောသည်။
ရေလမ်းကြောင်း ပိတ်ထားသည့်အကြောင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ပလက်ဝ တပ်မ ၁၁ မှ တပ်မမှူးစိုးဝင်းအားဆက်သွယ်ခဲ့ရာ ရေလမ်းကြောင်းပိတ်ထားသည့်ကိစ္စမှာသူနှင့်မဆိုင်ဟု ပြန်လည်ပြောဆိုသည်။
ပလက်ဝ-ကျောက်တော်ရေလမ်းကြောင်းမှာယခင်ရက္ခိုင့်တပ်တော် AAနှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့စဉ်ကာလက လမ်းကြောင်းပိတ်ထားခံခဲ့ရပြီး နောက်ပိုင်းနားလည်မှုဖြင့်ပြန်လည်သွားလာခွင့်ရခဲ့ကာ ယခုတဖန် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၎င်းရေလမ်းကြောင်းအား ပြန်ပိတ်ထားခြင်းဖြစ်သည်။
ပလက်ဝဒေသမှာ စားကုန်နှင့် တစ်ခြားလူသုံးကုန်ဆိုင်ရာပစ္စည်းအားလုံးနီးပါးအတွက် ကျောက်တော်မြို့ကို အားထားနေရခြင်းဖြစ်ရာ ရေလမ်းကြောင်းအား အမြန်ဆုံးပြန်ဖွင့်စေချင်သည်ဟု ဒေသခံများကပြောသည်။
https://www.facebook.com/westernnewsagency/posts/418717889934721