ပလက်ဝက စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်သားအပါအဝင် ဌာနပေါင်းစုံက ဧည့်စာရင်းလာရောက်စစ်ဆေး

By Western News/ 2021 November 30

ချင်းပြည်နယ်၊ ပလက်မြို့ပေါ်ရှိ ဝိသုဒ္ဓါရုံ စစ်ဘေးရှောင်စခန်းကို ယမန်နေ့ နိုဝင်ဘာ ၂၉ရက်နေ့ ညနေ ၉နာရီခန့်က စစ်သား၊ရဲသားအပါအဝင် ဌာနဆိုင်ရာပေါင်းစုံက ဧည့်စာရင်းလာရောက်စစ်ဆေးခဲ့သည်ဟု စခန်းတာဝန်ရှိသူက Western Newsကိုပြောသည်။

ရဲတပ်သား၊ စစ်သားနှင့်လဝကတို့ ပူပေါင်းပြီး စစ်ဘေးရှောင်စခန်းရှိ အိမ်ထောင်စု များကို တစ်အိမ်ဝင် တစ်အိမ်ထွက်ဧည့်စာရင်းစစ်ဆေးခဲ့သည်ဟု စခန်းတာဝန်ခံဦးတင်ဦးကပြောသည်။

“မနေ့က လဝကရယ်၊ ရဲရယ်ပြီးတော့ စစ်သားတွေပါပါတယ်။တစ်အိမ်ပြီးတစ်အိမ် ဧည့်စာရင်းစစ်တာပေါ့။ ၈ နာရီ ၄၅ မိနစ်လောက်ကနေ ရောက်လာပြီး စစ်တာ ၁၀နာရီကျော်လောက်ဆို စစ်ပြီးလို့ပြန်သွားကြပါတယ်” ဟုပြောသည်။

ယခင်က ယခုကဲ့သို့ စစ်ဆေးမှုများမရှိခဲ့သည့်အတွက် ယခုလာရောက်စစ်ဆေးသည့်အခါ စစ်ဘေးရှောင်ဒုက္ခသည်များအနေဖြင့်ထိတ်လန့်ခဲ့ကြသည်ဟု အဆိုပါစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ဒုက္ခသည် တစ်ဦးက ပြောသည်။

“အရင်တုန်းကတော့ တစ်ခါမှ ခုလိုစစ်ဆေးတာ ဝင်တာတွေမရှိတော့ ကျွန်တော်တို့ ကြောက်လန့်ကြပါတယ်။သူတို့က အိမ်ထောင်စုစစ်တယ် အပိုလူတွေရှိလား အဲ့လိုပေါ့။ စခန်းတစ်ခုလုံး လူအပိုမရှိလို့ စစ်ပြီးရင် ထွက်သွားကြပါတယ်” ဟုပြောသည်။

အဆိုပါ ဝိသုဒ္ဓါရုံကျောင်းတွင် ပြီးခဲ့သည့် နေ့က ဌာနဆိုင်ရာပေါင်းစုံကို အလိုမရှိသည့် စာရွက်များကပ်ထားသည်ကိုတွေ့၍လာရောက်စစ်ဆေးခြင်းဖြစ်နိုင်ကြောင်း စစ်ဘေးရှောင်တစ်ဦးကပြောသည်။

“မနေ့က ဌာနဆိုင်ရာပေါင်းစုံပေါ့။ ရဲဌာနပါတယ်။လျှပ်စစ်ဌာနပါတယ်၊ ပြီးတော့ အုပ်ချုပ်ရေးပိုင်းတွေကို အကုန် အလိုမရှိဘူးဆိုတဲ့ စာရွက်အောက်မှာတော့ “ပုံ/ CDM” ဆို ပြီး ရေးထားတာကို ကျောင်းရှေ့မှာကပ်ထားတာတွေ့ပါတယ်။ ဘယ်သူတွေလာကပ်သွားလဲ မသိဘူး။ ကျွန်တော်တို့မနက်မိုးလင်းမှသိရတာပါ။ အဲ့ဒါကြောင့် လာစစ်တာထင်ပါတယ်” ဟုပြောသည်။

ပလက်ဝမြို့နယ်တွင် ဝိသုဒ္ဓါရုံ၊ အထက၊ ဘောလုံးကွင်း၊ စိုက်ပျိုးရေး၊ အာဆီ ဟူ၍စစ်ဘေးရှောင်စခန်း ၅ ခု ရှိသည်။ယင်းထဲမှ ဝိသုဒါရုံစခန်းတစ်ခုကိုသာ ဧည့်စာရင်း လာရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကျန်စခန်းများ စစ်ဆေးမှုမရှိခဲ့ဟု တာဝန်ရှိသူများကပြောသည်။

ပလက်ဝမြို့ ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံဦးရဲဒက်မောင်ကလည်း သူတို့စခန်းကို စစ်ဆေးမှုမရှိဟုပြောသလို စိုက်ပျိုးရေးစစ်ဘေးရှောင်စခန်းမှ တာဝန်ခံဦးရွှေစိန်မောင်ကလည်း သူတို့စခန်းကို မစစ်ဆေးခဲ့ဟုဆိုသည်။

ယင်းအပြင် အထက စစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးလျှိုးအောင်ကလည်း မိမိတို့စခန်းကို မစစ်ဆေးခဲ့ဟုပြောသည်။

ဝိသုဒါရုံ စစ်ဘေးရှောင်စခန်းကို ဧည့်စာရင်း စစ်ဆေးမှုနှင့်ပတ်သတ်၍ ပလက်ဝမြို့နယ်ရဲစခန်းကို ဆက်သွယ် သည့်အခါ “မနေ့က လူအင်အားနည်းလို့ တစ်ခြားစခန်းတွေကို စစ်ဆေးခဲ့တာပါ။ ကျန်တဲ့စခန်းတွေကို ၁၀ ရက်ခြားစစ်ဆေးမှာပေါ့။ နေ့တိုင်းစစ်မှာပါ။ ပလက်ဝမှာက တစ်ခုခုဆိုရင် ဧည့်စာရင်းက အမြဲစစ်ပါတယ်။ဧည့်စာရင်းကခဏခဏ စစ်ပါတယ်။ အေးဆေးဖြစ်ရင်တော့ ဘာမှမလုပ်ဘူးပေါ့” ဟုရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောသည်။

ပလက်မြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၅ ခုရှိပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၅၀၀ နီးပါးခန့်ရှိနေသေးသည်။

https://www.facebook.com/westernnewsagency/posts/419380649868445

Leave a Reply

Your email address will not be published.