By Western News/ 2021 November 4
ရခိုင်ပြည်နယ်အတွင်း၌ နို့စားနွားမွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ်တွင်ကျယ်စွာလုပ်ကိုင်လိုသူများကို ၎င်းလုပ်ငန်းတွင်လိုအပ်သည့်နည်းစနစ်များအား ကူညီထောက်ပံ့ပေးသွားမည်ဟု လက်ရှိနို့စားနွားမွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေသူများကပြောသည်။
မင်းပြားမြို့၌ရှိသည့် သဇင်နို့စားနွားမွေးမြူရေးခြံမှ နို့စိမ်းအပြင် တစ်ခြားနို့ထွက်ပစ္စည်းများကို လည်းထုတ် လုပ်ရန်ပြင်ဆင်နေသလို လက်ရှိတွင် နို့စိမ်းနှင့် ဒိန်ချဉ််တို့အား ပေါက်တော၊ မင်းပြား၊ စစ်တွေဘက် သို့ဖြန့်ဖြူးလျှက်ရှိနေသည်။ ဆက်လက်၍လည်း နောက်ထပ်အမျိုးအစားများလည်း ထုတ်ရန်ကျန်ရှိနေသေး သည်ဟုဆိုသည်။
ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်းကိုစီးပွားဖြစ်တွင်ကျယ်စွာလုပ်ကိုင် လိုသူများကိုလည်း နည်းပညာပိုင်းရော၊ အစစအရာကို တတ်နိုင်သလောက်ပံ့ပိုးကူညီပေးသွားမည်ဟု သဇင်နို့စားနွားမွေးမြူရေးခြံ တည်ထောင်သူ ဦးဦးအောင်သန်းက Western News ကိုပြောသည်။
“ ရခိုင်မှာတစ်ကယ်လို့ ဒီလိုမွေးမြူရေးလုပ်ငန်းကို ဝါသနာပါတယ်၊ လုပ်ကိုင်ချင်တယ်ဆိုရင် ကျွန်တော်တို့ကို အချိန်မရွေးဆက်သွယ်လို့ရတယ်။ ကျွန်တော်တို့ဖက်က သူ့တို့ကို တတ်နိုသလောက်ကူညီသွားမှာပါ။ ကျွန်တော် တို့က နွားမျိုးစိတ် တွေပေးနိုင်ရင်ပေးတယ်။ နောက်ပြီး မြက်တွေဆိုရင်လည်း အခမဲ့ယူစိုက်ခွင့် ပေးထားတယ်။ ဒီမြက်တွေက ကျနော်တို့ဒေသမှာ ပေါလာဖို့လိုတယ်လေ။”ဟုဆိုသည်။
နို့စားနွားများမွေးမြူရာတွင် ရေမြေဒေသနှင့်ကိုက်ညီမည့် နွားအမျိုးအစားနှင့် စားသုံးမည့်မြက်မျိုးများကို စနစ်တကျ ရွေးချယ်ရပြီး နွားများ၏ ကျန်းမာရေးနှင့် နေထိုင်မှုပုံစံများကိုလည်း ဂရုတစိုက်ရှိရသည်ဟု ဦးဦးအောင်သန်း ကပြောသည်။
“ဒီလုပ်ငန်းက မွေးမြူတဲ့နည်းပညာပိုင်းက စနစ်တကျရှိဖို့လိုတယ်။ နို့စားနွားမွေးမြူတော့မယ်ဆိုရင် ကိုယ်မွေး မယ့် နွားက ဒေသရေမြေခံနိုင်မှုပိုင်းကို သေချာရွေးချယ်ရမယ်။ နောက်ပြီး သူတို့စားမယ့် အစာပေါ့။ ဒီဖက်မှာက ဒီကောင်တွေနဲ့ပတ်သက်ပြီး အစာရှားတယ်။ မြက်ကလည်း ဝယ်ပြီးတော့ သေချာဂရုတစိုက် စိုက်ပျိုးထားရ တယ်။ မွေးမြူရေးပိုင်းကတော့ နို့ထွက်ကောင်းဖို့၊ ကျန်မာရေး၊ နေထိုင်ရေးတွေ အစစအရာရာစနစ်တကျ နည်းစနစ်နဲ့လုပ်ဆောင်ရတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်၌မွေးမြူရသည့် နို့စားနွားများမှာ ပြည်မဘက်မှမှာယူရသည့်အတွက် ရေမြေရာသီဥတု ကွဲပြားမှုကြောင့် နို့ထွက်ကောင်းရန် အထူးဂရုစိုက်ရသည်ဟု စစ်တွေမြို့နာရီကန်တွင် နို့စားနွားမွေးမြူရေး လုပ်ကိုင်နေသူ ကိုသန်းထွန်းအေး ကပြောသည်။
“နို့စားနွားက ဒီကမျိုးစိတ်တွေနဲ့မရတော့ ပြည်မဘက်ကမှာယူရတယ်လေ။ ကျနော့်ဆီက မျိုးစိတ်တွေယူမွေး တာတွေရှိကြတယ်။ နွားဝယ်ရင်တော့ မွေးမြူတဲ့နည်းစနစ်တွေကအစ အကုန်ပြောပြတယ်။ နို့ထွက်ကောင်းဖို့ ပြည်မဖက်က အစာတွေဝယ်ကျွေးရတယ်။ အဲ့ဖက်ကအစာမကျွေးရင် နို့ထွက်နှုန်းကသိသိသာသာလျော့တယ်။ မျိုးစိတ်တွေက အဲ့ဖက်ကဆိုတော့ ဒီဖက်နဲ့ ဒေသရေမြေအနေအထားချင်းမတူတော့ ဂရုစိုက်ရတယ်” ဟုပြောသည်။
နို့စားနွားတစ်ကောင်မှာ ၂၀ နှင့် ၃၀ နှစ်ကြားသက်တမ်းရှိပြီး သက်တမ်း ၃ နှစ်ဆိုလျှင် သားမွေးနိုင်၍ သက်တမ်း တစ်လျှောက်တွင် သားအကောင်ရေ ၁၀ ကျော်ခန့်မွေးနိုင်ကာ သားမွေးမှုရှိသည့်တစ်လျှောက်နို့အထွက်နှုန်းရှိ သည်ဟု နို့စားနွားမွေးမြူရေးလုပ်ကိုင်သူများမှ သိရသည်။
https://www.facebook.com/westernnewsagency/posts/402843944855449