By Narinjara/ 2021 November 18
ချစ်အိလှိုင်
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာအနီးရှိ နာမည်ကြီး ဘဲငါးရာတောင်ဘုရားပွဲကို လူပေါင်း ၁ သောင်းခန့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်ဟု ဘဲငါးရာတောင်ဘုရားဂေါပကဦးဘဌေးက နိရဥ္စရာကို ပြောသည်။
“ကျွန်တော်တို့ လူ ၁ သောင်းလောက် ဒီနှစ်မှာရောက်တယ်။ သိပ်စည်ကားတယ်လို့ ပြောရမယ်”ဟု ပြောသည်။
အဆိုပါပွဲတော်ကို တိုက်ပွဲများနှင့် ကိုဗစ်အခြေအနေများကြောင့် ၂ဝ၁၈ ခုနှစ်မှစတင်ကာ စည်ကားစွာမကျင်းပနိုင်ခဲ့ဘဲ ယခုနှစ်မှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်ကျင်းသည့်ဘဲငါးရာတောင်ပွဲတွင် နိုင်ငံကျော်အဆိုတော်များ၊ ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင်များပါဝင်သော Live Show များ၊ ဇာတ်သဘင်များနှင့် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပခဲ့သည်။
ပွဲသို့လာရောက်ခဲ့သည့် စစ်တွေတက္ကသိုလ် ရူပဗေဒဂုဏ်ထူးတန်းမှ မငြိမ်းငြိမ်းအေးက “ကျွန်မတို့လူငယ်တွေဆိုရင်လည်း တိုက်ပွဲတွေ၊ ကိုဗစ်တွေကြောင့် ပျော်ခွင့်မရခဲ့ကြဘူး။ ဒီပွဲမှာ သိပ်ပျော်ရပါတယ်။ တောင်တက်ရတာတော့ မောတာပေါ့”ဟု ဆိုသည်။
ဘဲငါးရာတောင်သည် အမြင့်ပေ ၃၆၀၀ ကျော်ရှိပြီး ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ၏ အနောက်တောင်ဘက်၊ ရန်ကုန်-စစ်တွေ ကားလမ်း၏ အနောက်ဘက်တစ်မိုင်တွင် တည်ရှိသည်။
ဘဲငါးရာဘုရားပွဲကို နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၁၄ ရက်နှင့် လပြည့်နေ့တို့တွင် ယိုးတရုပ်ရွာအနီး ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပလေ့ရှိသည်။
ပွဲတော်သို့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်များမှ လူပေါင်း သောင်းနှင့်ချီလာရောက်လည်ပတ်ကြပြီး လပြည့်နေ့ နံနက်အရုဏ်တက်ချိန်မှစတင်ကာ ဘဲငါးရာတောင်သို့ တောင်တက်ပွဲကို ဆင်နွှဲတတ်ကြသည်။
တောင်ထိပ်ပေါ်တွင် စေတီငယ်တစ်ဆူတည်ရှိပြီး ပါးစပ်ရာဇဝင်များအရ အဆိုပါတောင်တွင် ရတနာသိုက်များရှိပြီး ထူးခြားသည့်တောင်ဟု ဆိုကြသည်။
https://www.facebook.com/narinjara.info/posts/4892411040770934