ဒြပ်မဲ့အတတ်ပညာရှင် (သို့မဟုတ်) ရှားပါးလာတဲ့ ရခိုင်စည်ဖန်တီးရှင်တွေ

By Development Media Group (DMG)/ 2021 November 10

(ဆောင်းပါး)

အသက် ၅၀ ကျော်အရွယ်ရှိတဲ့ ဦးမောင်သာအေးတစ်ယောက် လက်သမားပစ္စည်းမျိုးစုံကိုအသုံးပြုပြီးတော့ ၃ ပေမျှ အရှည်ရှိတဲ့ လူတဖက်စာသစ်သားလုံးတွေကို အခေါင်းဖြစ်အောင်ဖောက်ထွင်းနေပါတယ်။ ရခိုင်လူမျိုးတို့ မြတ်နိုးတန်ဖိုးထားတဲ့ “ရခိုင်စည်”ဖြစ်လာဖို့ ဦးမောင်သာအေး အစပြုလုပ်ကိုင်နေတာပါ။

ရခိုင်ရိုးရာယဉ်ကျေးမှုမှာ စည်ရဲ့သံစဉ်သုံးမျိုးရှိတဲ့အတွက် စည်လုပ်တဲ့အခါ “ဗြိန်း စောင် ဗြိတ်”ဆိုတဲ့ အသံသုံးမျိုးကို အခြေခံပြီးလုပ်ရတယ်လို့ ဦးမောင်သာအေးက ပြောပါတယ်။

“စည်တစ်လုံးဖြစ်ဖို့အတွက် စည်သစ်သားကိုထွင်းရတယ်။ (နွားသားရေ)ကို ရေစိမ်ရတယ်။ နေလှန်းရတယ်။ မျက်နှာသားအထူးအပါးကိုအညီလုပ်ပြီးတော့ နောက်ထပ်ရေစိမ်ရတယ်။ သံချီ၊ သံချလုပ်တယ်။ အဲခါမှ စည်တစ်လုံးဖြစ်တယ်။ နွားသားရေတစ်လွှားကို ရေ(၄)ကြိမ်လောက်စိမ်ရတယ်”

စည်လုပ်တဲ့အခါမှာလည်း ပိတောက်သား၊ ရမ္မနီ၊ ပဲန္နဲစတဲ့သစ်မာတွေကိုအသုံးပြုပြီး ထုထွင်းရပါတယ်။ စည်ကို နွားသားရေကိုအသုံးပြုပြီး ဖုံးထားရပါတယ်။ ပိတောက်သားနဲ့ ရမ္မနီမှာ ရှားပါးနေပြီဖြစ်တဲ့အတွက် လက်ရှိမှာ ပဲန္နဲသားကိုသာအသုံးပြုနေရပါတယ်။

စည်တစ်လုံးဖြစ်လာဖို့အတွက် အချိန်လေးရက်လောက်ယူရသလို မိုးရာသီမှာဆိုရင် စည်ကိုလုပ်လို့မရတာလည်း ဖြစ်ပါတယ်။ သဘာဝနဲ့လိုက်ပြီး စည်လုပ်ရတဲ့အတွက် ဆောင်းရာသီနဲ့ နွေရာသီတွေမှာ လုပ်ကိုင်ရပါတယ်။

“စည်က မိုးရေစွတ်ရင်လုပ်လို့မရဘူး။ နေရောင်ခြည်မရှိရင်လည်း လုပ်လို့မရဘူး။ နေလှန်းပေးရတယ်။ နေမလှန်းရင် လုပ်လို့မရဘူး။ နွားသားရေကိုလည်း မိုးရေကျလို့မရဘူး”

ဦးမောင်သာအေးဟာ အသက်(၁၂)နှစ်အရွယ်ကနေ ရခိုင်ရိုးရာစည်လုပ်တဲ့အတတ်ပညာအပါအဝင် အိုးစည်၊ ဒိုးပတ် စတဲ့တူရိယာတွေလုပ်တဲ့ လက်မှုအတက်ပညာတွေကို ဖခင်ဖြစ်သူ ဦးသာဒိုးဆီကနေ အမွေအဖြစ် လက်ဆင့်ကမ်းသင်ယူခဲ့တာပါ။

အသက် ၁၅ နှစ်အရွယ်လောက်မှာ စည်အပါအဝင် ရိုးရာတူရိယာလုပ်တဲ့ လက်မှုအတက်ပညာတွေကို သင်ယူတတ်မြောက်ခဲ့ပြီး ဖခင်ဖြစ်သူနဲ့အတူ စည်လုပ်တဲ့လုပ်ငန်းမှာ လုပ်ကိုင်နိုင်ခဲ့ပါပြီ။

ဦးမောင်သာအေး အသက်(၂၅)နှစ်အရွယ်မှာ ဖခင်ဖြစ်သူ ဦးသာဒိုးကွယ်လွန်သွားခဲ့ပါတယ်။ ဖခင်ဆီက အမွေရရှိခဲ့တဲ့ စည်လုပ်တဲ့အတက်ပညာကို အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် ဦးမောင်သာအေး ဆက်လက်လုပ်ကိုင်လာခဲ့တာဟာ အခုဆိုရင် နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။

“ကိုယ့်ရဲ့ ရခိုင်ယဉ်ကျေးမှုတစ်ခုလည်းဖြစ်တယ်ဆိုပြီး ဒီအလုပ်ကိုပဲ အများကြီးအားစိုက်တယ်။ အဖေရဲ့အမွေအနှစ်လက်ရာဆိုပြီးတော့ အသက်မွေးဝမ်းကျောင်းပုံစံမျိုးနဲ့ လုပ်တာဖြစ်တယ်”

ရခိုင်ရိုးရာစည်အပါအဝင် တူရိယာတွေကိုစလုပ်တဲ့အချိန်က ရခိုင်ပြည်သူတွေဟာ ရိုးရာတူရိယာတွေနဲ့ ပတ်သက်လို့ ယဉ်ကျေးမှုအမွေအနှစ်တွေကို တန်ဖိုးထားရမှန်း၊ ထိန်းသိမ်းရမှန်း သိရှိနားလည်မှု အားနည်းခဲ့ကြတယ်လို့ ဦးမောင်သာအေးကပြောပြပါတယ်။

ဒီလိုအားနည်းမှုနဲ့အတူ ရခိုင်ရိုးရာစည်ကို အသုံးပြုတီးခတ်တာတွေလည်း နည်းပါးခဲ့ပါတယ်။ အဲဒီအချိန်က ဦးမောင်သာအေးတို့လို စည်လုပ်ငန်းလုပ်ကိုင်သူတွေဟာလည်း အလုပ်ရှားပါးပြီး အလုပ်ပုံမှန်မရှိတာကြောင့် လက်သမားအလုပ်ကိုလုပ်ကိုင်ရင်း မိသားစုဝမ်းရေးကိုဖြေရှင်းခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကနေ ရခိုင်ရိုးရာစည်ဟာ လူသုံးများတွယ်ကျယ်လာပြီးတော့ စည်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေအတွက် အလုပ်အကိုင်တွေ အဆင်ပြေလာတာပါ။

“အရင်တုန်းကဆိုရင် စည်တွေကို အခုလိုသိပ်ပြီးတော့ မလုပ်ရဘူး။ လူသုံးလည်းနည်းတယ်။ ကိုယ့်ရိုးရာကို သိပ်မသိကြားသေးဘူး။ တစ်စတစ်စသိလာတဲ့အခါမှ လုပ်ရတာ ပိုပြီးအဆင်ပြေလာတယ်”

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးကနေ ရခိုင်ရိုးရာစည်တော်ကို ဝယ်ယူတီးခတ်တာတွေရှိလာနေပါတယ်။ မြို့တိုင်း၊ ကျေးရွာတိုင်းလိုလိုမှာလည်း ရခိုင်စည်တီးခတ်တဲ့အဖွဲ့တွေ တွယ်ကျယ်လာပါတယ်။

ရိုးရာစည်ကို ရခိုင်ကသာမက မန္တလေး၊ ရန်ကုန်၊ ကချင်အပါအဝင် မလေးရှား၊ ထိုင်း၊ သြစတြေလျား၊ တရုတ်စတဲ့ ပြည်ပနိုင်ငံခြားရောက် ရခိုင်အဖွဲ့အစည်းတွေကပါ ရခိုင်ကနေတစ်ဆင့် ဝယ်ယူတီးခတ်တာတွေရှိလာပါတယ်။

အချင်းအဝိုင်း ၁၄ လက်မနဲ့ အရှည် ၂၈ လက်မရှိတဲ့စည်ကို စည်တော်အကြီးဆုံးလို့သတ်မှတ်ပြီး အချင်းအဝိုင်း ၁၁ လက်မနဲ့ အရှည် ၂၆ လက်မအရွယ်ရှိတဲ့စည်ကို စည်တော်အငယ်ဆုံးလို့သတ်မှတ်ထားပါတယ်။ အကြီးဆုံးစည်တစ်လုံးကို စျေးနှုန်း(၂)သိန်းရှိပြီး အငယ်ဆုံးစည်တစ်လုံးကို စျေးနှုန်း(၁)သိန်းခွဲရှိပါတယ်။

ဦးမောင်သာအေးလုပ်ကိုင်နေတဲ့ စည်လုပ်ငန်းကနေ လက်ရှိမှာ တစ်နှစ်ကို အနည်းဆုံးစည်အလုံးရေ ၂၀ ကျော်ကနေ အများဆုံး ၅၀ ကျော်အထိ ရောင်းချရတယ်လို့ဆိုပါတယ်။

ရခိုင်ရိုးရာစည်တော်ဟာ ရခိုင်တွေရဲ့ ရှေးအကျဆုံးယဉ်ကျေးမှုအမွေအနှစ် တူရိယာတစ်ခုဖြစ်ပါတယ်။ ရခိုင်ရိုးရာ တူရိယာတွေထဲမှာ မပါမဖြစ်တဲ့ တူရိယာတစ်မျိုးလည်းဖြစ်ပါတယ်။

ရက္ခပူရတိုင်း ဓညဝတီရခိုင်ပြည်ကြီးမှာ တူရိယာအနေနဲ့ ရှိပဝေသဏိကာလ ဒွါရာဝတီဝါသုဒေဝမင်း လက်ထက်ကနေ စည်တော်တီးပြီး သုခုမအနုပညာရိုးရာကို နန်းတွင်းယဉ်ကျေးမှုအဖြစ် စတင်တီထွင်ပေါ်ထွန်း လာခဲ့တာပါ။

ရှေးရခိုင်ဘုရင်တွေလက်ထက်ကနေ နန်းတွင်းယဉ်ကျေးမှုအဖြစ်အသုံးပြုလာခဲ့တဲ့ ရခိုင်ရိုးရာမင်္ဂလာစည်တော်ကို တေးရတုတွေနဲ့တွဲဖက်ကာ တီးခတ်သီဆိုကြသလို အလှူမင်္ဂလာပွဲ၊ ရှင်ပြုပွဲ၊ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အခမ်းအနား စတဲ့မင်္ဂလာရှိတဲ့ အခမ်းအနားတိုင်းမှာ အခုအချိန်ထိ တီးခတ်နေကြဆဲဖြစ်ပါတယ်။

ရခိုင်ရိုးရာစည်လုပ်တဲ့အတက်ပညာဟာလည်း ရခိုင်တို့ရဲ့ အမွေအနှစ်တစ်ခုပါ။ ရခိုင်ရိုးရာစည် တီးခတ်တဲ့အတက်ပညာကို လက်ဆင့်ကမ်းသူတွေရှိခဲ့ပေမယ့် ရခိုင်စည်လုပ်တဲ့ လက်မှုအတက်ပညာကိုတော့ လက်ဆင့်ကမ်းသူနည်းပါးခဲ့ပါတယ်။

စည်တီးခတ်တဲ့သူတွေက ဘယ်လောက်ပင်ကျွမ်းကျွမ်းကျင်ကျင်နဲ့ တီးခတ်နိုင်စေကာမူ စည်တစ်လုံးကနေ သာယာငြိမ့်ညောင်းတဲ့သံစဉ်ထွက်ပေါ်လာရေးကိုလုပ်ဆောင်ပေးတဲ့ အဓိကအခရာကတော့ စည်ထွင်းထုတဲ့ စည်ဖန်တီးရှင်တွေပဲဖြစ်ပါတယ်။

ဒါပေမယ့် ရခိုင်ရိုးရာစည်လုပ်တဲ့ ပညာရှင်တွေဟာ တစတစရှားပါးလာခဲ့ပြီဖြစ်ပါတယ်။ စည်လုပ်ငန်းလုပ်ကိုင်နေသူအရေအတွက်ကို ရခိုင်ပြည်နယ်အတွင်းမှာ လက်ချိုးရေတွက်လို့ရတဲ့အနေအထားထိ ဖြစ်လာနေပါတယ်။

အရင်က စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တွေမှာ ရခိုင်စည်လုပ်တဲ့အတတ်ပညာရှင်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ဆင့်ကမ်းမှုအားနည်းခဲ့တဲ့အတွက်ကြောင့် အခုအချိန်မှာတော့ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေမှာ စည်လုပ်တဲ့အတက်ပညာရှင် လေးဦးလောက်ပဲ ကျန်ရှိပါတော့တယ်။

စည်လုပ်တဲ့သူတွေ ပျောက်ကွယ်သွားမှာကို စိုးရိမ်နေတဲ့သူတွေထဲမှာ မြောက်ဦးမြို့ ဗန္ဓုလရပ်ကွက်မှာနေထိုင်ရင်း စည်ဖန်တီးတဲ့လုပ်ငန်းကို နှစ်ရှည်ကြာလုပ်ကိုင်လာခဲ့တဲ့ ဦးမောင်သာအေးလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။

“စည်လုပ်တဲ့လူမရှိရင် ရိုးရာ(စည်)ဆိုတာလည်း ပျောက်သွားမှာဖြစ်တယ်”

ရခိုင်ရိုးရာမင်္ဂလာစည်တော်ကို အချီ၊ သရဏဂုံ၊ မင်္ဂလာခြင်းစတဲ့ အင်္ဂါသုံးရပ်နဲ့အညီ တီးခတ်ကြရသလို ပွဲအလိုက် တီးခတ်မှုပုံစံက ကွဲပြားပါတယ်။ စည်တီးခတ်တဲ့အချိန်မှာလည်း အနည်းဆုံး စည်ငါးလုံးပါဝင်ဖို့လိုအပ်ပါတယ်။

စည်တီးရာမှာ တစ်ဖက်က လက်နဲ့တီးခတ်ရပြီး ကျန်တစ်ဖက်က သစ်သားတုတ်နဲ့တီးခတ်ရတာဖြစ်ပါတယ်။ ဒါ့အပြင် စည်တော်ကို မြင့်မြတ်တဲ့နေရာမှာထားရပြီး အရက်သေစာသောက်စားထားတဲ့သူတွေနဲ့ အမျိုးသမီးတွေကို ကိုင်တွယ်ခွင့်မပြုရတာစတဲ့ သီးခြားစည်းကမ်းတွေရှိနေပါတယ်။

ရိုးရာမင်္ဂလာစည်တော်ကို တီးခတ်အသုံးပြုမှုတွေဟာ အရင်ကထက်ပိုများလာပေမယ့် စနစ်တကျနဲ့ စည်တီးခတ်သူတွေနည်းပါးလာတယ်လို့ စစ်တွေမြို့အခြေစိုက် စိုင်းဒြားရခိုင်စည်အဖွဲ့က စည်ဆရာကြီး ဦးကျော်ဇံမောင်က ပြောပါတယ်။

ဦးကျော်ဇံမောင်ဟာ ရခိုင်ရိုးရာစည်တော်ကို တီးခတ်လာတာဟာ နှစ်ပေါင်း(၄၀)လောက်ရှိနေပြီဖြစ်ပါတယ်။ စည်းစနစ်နဲ့ တီးခတ်သူတွေနည်းပါးလာတာကြောင့် မူလရိုးရာစည်တော်တီးခတ်ပုံ ပပျောက်သွားမှာကို သူကစိုးရိမ်နေပါတယ်။

“အရင်က ဆရာတွေသင်ခဲ့သလို စည်အခြင်းတွေနဲ့ တီးတာမျိုးမဟုတ်ဘဲ ဆန်းသစ်တီထွင်ပြီး ကိုယ့်စိတ်ကြိုက် ချင်သလိုတီးလာကြတာသိပ်များလာတယ်။ (စည်)အဖွဲ့အစည်းတွေအနေနဲ့ ထိန်းချုပ်မှုမရှိလို့ဖြစ်တယ်။ နောက်မှပေါ်လာတဲ့ စည်အဖွဲ့တွေကလည်း စည်းစနစ်နဲ့ တီးကြတာတွေနည်းတယ်”

ရခိုင်လူမျိုးတွေတန်ဖိုးထားရတဲ့ ရခိုင်ရိုးရာစည်လုပ်တဲ့ ဒြပ်မဲ့လက်မှုအတက်ပညာကို စည်တီးခတ်တတ်တဲ့ ပညာရှင်တိုင်းမလုပ်နိုင်ကြပါဘူး။ စည်လုပ်တဲ့ရိုးရာအမွေအနှစ်ကို ဘိုးဘေးဘီဘင်အစဉ်အဆက် လက်ဆင့်ကမ်းတာအားနည်းခဲ့တာကြောင့် အခုလိုစည်လုပ်တဲ့ပညာရှင်တွေ နည်းပါးလာတာလို့ဆိုရမှာပါ။

ဒြပ်မဲ့အတက်ပညာတွေကို လက်ဆင့်ကမ်းသူမရှိဘူးဆိုရင် အပြီးတိုင်ပျောက်ကွယ်သွားနိုင်တယ်လို့ ပြောလာသူကတော့ မြန်မာနိုင်ငံရှေးဟောင်းသုတေသနအသင်း ဥက္ကဋ္ဌ ဒေါ်ဥမ္မာမျိုးဖြစ်ပါတယ်။

“တကယ်လို့ လက်ဆင့်ကမ်းသူမရှိဘဲ ပျောက်သွားမယ်ဆိုရင် နောက်မျိုးဆက် တစ်ဆက်နှစ်ဆက်ကျတော့ ဘယ်သူမှမသိတော့ဘူးဆိုရင် အပြီးတိုင်ပျောက်သွားမှာပေါ့။ အဲလိုဆိုရင် ကိုယ့်ရဲ့အမွေအနှစ်တစ်ခု ဆုံးရှုံးသွားမယ်”

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တဲ့ ရခိုင်ရိုးရာစည်လုပ်တဲ့ လက်မှုအတက်ပညာဟာလည်း ရခိုင်လူမျိုးတွေ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်တဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေပါတယ်။

တစ်ဦးချင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုချင်း၊ ယဉ်ကျေးမှုအမွေအနှစ်ကိုချစ်မြတ်နိုးတဲ့အဖွဲ့စည်းတွေ ပူးပေါင်းပြီး စည်လုပ်တဲ့အတတ်ပညာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း လိုအပ်နေပါတယ်။

ဘိုးဘွားစဉ်ဆက်လက်ဆင့်ကမ်းပြီး ထိန်းသိမ်းလာခဲ့ကြတဲ့ ဦးမောင်သာအေးကတော့ ရခိုင်ရိုးရာစည်လုပ်တဲ့ လက်မှုအတက်ပညာကိုလည်း သားဖြစ်သူကို လက်ဆင့်ကမ်းအမွေပေးထားပါတယ်။

“ဦးလေးသားက စည်လုပ်တာနဲ့ပတ်သက်လို့ အားလုံးအပြီးပိုင်တက်နေပြီဖြစ်တယ်။ အဆင်သင့်ဖြစ်နေပြီ”

အဖေဖြစ်သူမရှိတဲ့နောက်ပိုင်းမှာလည်း စည်လုပ်တဲ့အတက်ပညာကို ထိန်းသိမ်းစောင့်ရှောက်ကာ ဦးဆောင်ပြီး ဆက်လုပ်သွားမယ်လို့ ဦးမောင်သာအေးရဲ့သားဖြစ်တဲ့ ကိုညီညီမောင်က နှုတ်ဂတိပေးထားပါတယ်။

အသက် ၅၀ ကျော်နေပြီဖြစ်တဲ့ ဦးမောင်သာအေးကတော့ ဖခင်အမွေဖြစ်တဲ့ စည်လုပ်တဲ့အလုပ်ကို လုပ်နိုင်သရွှေ့ ဆက်လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

“လုပ်နိုင်တဲ့အချိန်ထိ လုပ်သွားမယ်လို့စဉ်းစားထားတယ်။ ဒီအလုပ်က အဖေရဲ့ အမွေအနှစ်ဆက်ခံတာဖြစ်တဲ့ အတွက် အခုလိုလုပ်တာဖြစ်တယ်”

မင်းထွန်းရေးသားသည်။

https://www.facebook.com/dmgnewsagency/posts/2153487858136947

Leave a Reply

Your email address will not be published.