ထောင်ဒဏ်ချခံထားရသည့် ရခိုင်ကျောင်းသား ၄ ဦး၏ ပြင်ဆင်မှုတင်သွင်းခြင်းကို ပြည်နယ်တရားလွှတ်တော် လက်ခံ

By Western News/ 2021 November 9

ရခိုင်တွင် အစိုးရနှင့် မြန်မာစစ်တပ်မှ လူ့အခွင့်ရေးချိုးဖောက်မှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြ၍ ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်ခံထားရသည့် ရခိုင်မှ ကျောင်းသား ၄ ဦး၏ ပြင်ဆင်မှုတင်သွင်းခြင်းကို ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြည်နယ်တရားလွှတ်တော်က လက်ခံလိုက်သည်ဟု အမှုလိုက်ရှေ့နေကပြောသည်။

ကျောင်းသား ၄ ဦးအား ထောင်ဒဏ်ချမှတ်ခဲ့ပြီးနောက် စစ်တွေခရိုင် တရားရုံးတွင် အယူခံလွှာတင်သွင်း ခဲ့သော်လည်း စက်တင်ဘာလ ၂၃ ရက်နေ့က ပယ်ချခဲ့သဖြင့် ကျောင်းသားများ၏ဆန္ဒအရ ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှု ဆက်လက်တင်ထားခြင်းဖြစ်သည်။

ကျောင်းသား ၄ ဦးအား ချမှတ်ထားသည့်ပြစ်ဒဏ်မှာ များလွန်းသည့်ပြစ်ဒဏ်များဖြစ်သည့်အတွက် ပြင်ဆင်မှုတင်သွင်းခြင်းကို ရခိုင်ပြည်နယ်တရားလွှတ်တော်က လက်ခံလိုက်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က Western News ကိုပြောသည်။

“၂ မှုစလုံးကို လက်ခံလိုက်တယ်။ လက်ခံတယ်ဆိုတာက မူလရုံးကနေပြီးတော့ ၅၀၅ (ခ) နဲ့ ၂ နှစ် အမြင့်ဆုံးပြစ်ဒဏ်ကိုချမှတ်တာဟာ များလွန်းတယ်ဆိုတဲ့အချက်ရယ်၊ နောက်တစ်ခုက ဘေးစီမံ ၂၉ ပုဒ်မကို ပြစ်ဒဏ် ၆ လ ချမှတ်တဲ့အချက်နဲ့ တစ်ချိန်တည်း၊ တစ်ရက်တည်း၊ ကိစ္စရပ်တစ်ခုတည်းပေါ်မှာ အခြေခံပြီးတော့ ဖြစ်ပေါ်လာတာနဲ့ပတ်သတ်လို့ အမှုကိုနှစ်ခုခွဲပြီး တရားစွဲတာနဲ့ ပြစ်ဒဏ်နှစ်ကြိမ်ပေးတာဟာ မှားယွင်းတယ်” ဟုပြောသည်။

အမှုအား လက်ခံလိုက်သည့်အတွက် စစ်တွေမြို့နယ်တရားရုံးမှ အမှုတွဲကို ရခိုင်ပြည်နယ်တရားလွှတ်တော်က တောင်းခံထားသလို စစ်တွေခရိုင်တရားရုံးမှ ပယ်လိုက်သည့် အမှုကိုလည်း ရခိုင်ပြည်နယ်တရားလွှတ်တော်က တောင်းခံထားပြီး စစ်တွေမြို့နယ်ရဲမှူး ဇော်နိုင်ထံသို့လည်း သမ္မာန်စာပို့ထားကြောင်းသိရသည်။

ဆက်လက်၍လည်း အောက်ရုံးများမှ အမှုတွဲများစုံလျှင် လျှောက်လဲချက်ပေးမည်ဖြစ်သော်လည်း လျှောက်လဲချက်ပေးမည့် အချိန်ကို မသိရသေးဟု ဦးကျော်ညွန့်မောင်က ပြောသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၁၂ တွင် ဝန်ခံထားသောသူသည် အောက်ရုံးမှ ပြစ်ဒဏ်ချမှတ်လျှင် အယူခံဝင် ခွင့် မရှိသော်လည်း ဥပဒေကြောင်းအရ မှားယွင်းလျှင် အယူခံဝင်ခွင့်ရှိပြီး ချမှတ်သည့်ပြစ်ဒဏ်မှာ များလွန်းလျှင်လည်း ပြစ်ဒဏ်အား လျော့ပေါ့ပေးရန် အယူခံဝင်ခွင့်ရှိသည်ဟု ပါရှိသည်။

ယင်းအပြင် ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၂ တွင် ပြုလုပ်မှု(သို့) ပျက်ကွက်မှု တစ်ခုသည် ဥပဒေနှစ်ရပ်(သို့) နှစ်ရပ်ထက်ပိုသော ဥပဒေများအရ ပြစ်မှုမြောက်လျှင် ပြစ်မှုကျူးလွန်သူအား ယင်းဥပဒေ များအနက် ဥပဒေတစ်ရပ်ရပ်ဖြင့်သာ တရားစွဲဆိုအပြစ်ပေးရမည် ဖြစ်ပြီး ပြစ်မှုတစ်ရပ် တည်းအတွက် ပြစ်ဒဏ်တစ်ကြိမ်ထက်ပို၍ မကျခံစေရ ဟု ပြဌာန်းထားသည်။

ထောင်ချခံထားရသည့်တက္ကသိုလ်ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်) မှ ကိုကောင်းထွန်းတို့ဖြစ်သည်။

အဆိုပါကျောင်းသား ၄ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀-ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က စစ်တွေမြို့ပေါ်၌ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government၊ No Murder Army၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out စသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြမှုကြောင့် စစ်တွေမြို့နယ်ရဲစခန်းမှ ရဲမှူးဦးဇော်နိုင်က တရားလိုပြုလုပ်ကာ ကျောင်းသား ၄ ဦးအား နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့သလို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇံဝေမှလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ ၂၉ စသည့် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထောင်ဒဏ်ကျခံနေရသည့် အဆိုပါကျောင်းသား ၄ ဦးမှာ အမှုကို ၁ နှစ်နီးပါးကြာ ရင်ဆိုင်ခဲ့ရပြီးနောက် စက်တင်ဘာလ ၁၆ ရက်နေ့ စွဲချက်အမိန့်ချမည့်ရုံးချိန်းတွင် အပြစ်ရှိကြောင်းဝန်ခံခဲ့ကြသည့်အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ (၅၀၅) (ခ) ကို ထောင်ဒဏ် (၂) နှစ်နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉ ကို ထောင်ဒဏ် ၆ လ စီဖြင့် အပြီးသတ်အမိန့်ချမှတ်လိုက် ခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/406047914535052

Leave a Reply

Your email address will not be published.