By Narinjara/ 2021 November 9
မြထွီးသျှင်
ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦးအတွက် တင်သွင်းထားသည့် ပြင်ဆင်မှုအား ယနေ့တွင် ရခိုင်ပြည်နယ်တရားလွတ်တော်က လက်ခံလိုက်ပြီဟု သိရသည်။
ထောင်ချခံထားရသည့်ကျောင်းသားများကိုယ်စား အမှုလိုက်ရှေ့နေက အဆိုပါပြင်ဆင်မှုအား လက်ခံသင့်၊ မခံသင့် ယနေ့ နိုဝင်ဘာလ ၉ ရက်တွင် ပြည်နယ်တရားလွှတ်တော်၌ လျှောက်လဲချက်ပေးခဲ့ရပြီး နေ့လယ်ပိုင်းတွင် လက်ခံခဲ့ခြင်းဖြစ်သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။
“လက်ခံတဲ့အတွက် ရခိုင်ပြည်နယ်တရားလွှတ်တော်က မူလစစ်တွေမြို့နယ်တရားရုံးရဲ့ အမှုတွဲ၊ နောက်ပြီးတော့ စစ်တွေခရိုင်တရားရုံးရဲ့အမှုတွဲတွေကို ဒီနေ့မှာ တောင်းခေါ်စာထုတ်ထားတယ်။ နောက်ပြီးတော့ ရဲမြို့နယ်မှူး ဦးဇော်နိုင်ထံကို သမ္မာန်စာကမ်းတယ်။ အတည်ဖြစ်ပြီး တရားဝင်လာဖို့၊ အမှုတွဲတွေလည်း စုံပြီဆိုရင် အပြီးသတ်လျှောက်လဲချက်ကြားနာမယ်” ဟု ပြောသည်။
အပြီးသတ်လျှောက်လဲချက်ကြားနာသည့်အခါတွင် ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံး တရားခွင်၌ နှစ်ဦးနှစ်ဖက် လျှောက်လဲချက်ပေးပြီး ကြားနာသွားမည်ဟုဆိုသည်။
“လျှောက်လဲချက်ကြားနာမှာကတော့ ရက် ၂၀ နဲ့ တစ်လအတွင်းမှာ ကြားနာနိုင်မယ်။ အခုကနေ အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်တော့ ခန့်မှန်းခြေ ၁ လအတွင်းလောက်မှာ လျှောက်လဲချက်ကြားနာနိုင်တယ်”ဟု ပြောသည်။
ယင်းကဲ့သို့ကြားနာပြီးသည့်နောက်တွင် ၅၀၅(ခ)နှင့် ဘေးစီမံကိုအမှုတို့ကို တစ်မှုတည်းပေါင်းလုပ်သင့်၊ မလုပ်သင့်၊ ပြစ်ဒဏ်လျှော့ပေါ့သင့်၊ မသင့်နှင့် လွှတ်သင့်၊ မလွှတ်သင့် အမိန့်ချမှတ်သွားမည်ဟု သိရသည်။
ထောင်ချခံထားရသည့်တက္ကသိုလ်ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်)မှ ကိုကောင်းထွန်းတို့ဖြစ်သည်။
၎င်းတို့ ၄ ဦးသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်က အစိုးရနှင့် စစ်တပ်ကိုဆန့်ကျင်ဆန္ဒပြမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၉)တို့ဖြင့်တရားစွဲခံရကာ စက်တင်ဘာလ ၁၆ ရက်တွင် စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့ထောင်ချခံလိုက်ရမှုကိုကျေနပ်မှုမရှိ၍ စက်တင်ဘာလ ၂၃ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ အယူခံလွှာတင်သွင်းခဲ့သော်လည်း ပယ်ချခံလိုက်ရသည့်အတွက် ပြင်ဆင်မှုကို အောက်တိုဘာ ၄ ရက်တွင် ပြည်နယ်တရားလွှတ်တော်၌ တင်သွင်းခဲ့ခြင်းဖြစ်သည်။
https://www.facebook.com/narinjara.info/posts/4862574800421225