ထိန်းသိမ်းမှုမရှိပါက ရခိုင်သဇင်ပန်းမျိုးဥများ ဆယ်စုနှစ်အတွင်းမျိုးတုန်းမည့်အရေးနှင့်ကြုံတွေ့နိုင်

By Development Media Group (DMG)/ 2021 November 28

ရခိုင်တို့အမြတ်တနိုးတန်ဖိုးထားသည့် ရခိုင်သဇင်ပန်းမျိုးဥများမှာ ထိန်းသိမ်းမှုမရှိပါက လာမည့်ဆယ်စုနှစ်တစ်ခုအတွင်း မျိုးတုန်းမည့်အရေးနှင့်ကြုံတွေ့လာနိုင်သည်ဟု ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ ့မှ သိရသည်။

ရခိုင်သဇင်ပန်းကို ပြည်ပစျေးကွက်အတွင်းရောင်းချခြင်း၊ သစ်တောပြုန်းတီးလာခြင်းနှင့် တောထဲတွင် သဇင်ပင်များမျိုးတုန်းလာခြင်း၊ စိုက်ပျိုးထိန်းသိမ်းမှု အားနည်းလာခြင်းတို့ကြောင့် သဇင်မျိုးစိတ်မှာ တစ်နှစ်ထက်တစ်နှစ် ရှားပါးလာနေကြောင်း ရခိုင်ကမ်းရိုးတန်းဒေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က DMG သို့ပြောသည်။

“ဒီအတိုင်းဆက်ဖြစ်နေမယ်ဆိုရင် လာမယ့်ဆယ်စုနှစ်အတွင်းမှာ တောရိုင်းတိရိစ္ဆာန်ကျားလိုပဲ မျိုးတုန်းမဲ့အန္တရာယ်နဲ့ကြုံတွေ့လာမယ်။ အခုတောင်မှ ရခိုင်သဇင်မျိုးဥကို တစ်တောလုံးရှာလို့တောင် တစ်ပိဿာပြည့်အောင်မရနိုင်တော့ဘူး။ သဇင်ပန်းမျိုးဥ တစ်ပိဿာကို ၄ သိန်း ၅ သိန်းပေးမယ်ဆိုရင်တောင် ရှာမရတော့ဘူး။ ဒီကိစ္စကို အကုန်လုံးကဝိုင်းဝန်းထိန်းသိမ်းဖို့လိုအပ်ပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိမှာ ရခိုင်သဇင်မျိုးစိတ်နေရာတွင် တခြားပြည်မဖက်မှ ထွက်ရှိသည့် သဇင်မျိုးစိတ်များ အစားထိုးဝင်ရောက်လာကြောင်းလည်း ၎င်းကဆိုသည်။

ယခင်က ရခိုင်သဇင်မျိုးဥကို ချင်းပြည်နယ်၊ ပလက်ဝဖက်မှ အဓိကရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင် မျိုးဥကိုရှာဖွယ်ရန် အခက်အခဲဖြစ်လာခြင်း၊ သဇင်ပန်းရောင်းချရာတွင်လည်း မျိုးဥနှင့်ပန်းကို တွဲပြီးရောင်းချခြင်းတို့ကြောင့် ရခိုင်သဇင်မျိုးဥမှာ ရှားပါးလာရခြင်းဖြစ်သည်ဟု သဇင်ပန်းစိုက်ပျိုးနေသူများက ပြောဆိုကြသည်။

“အရင်တုန်းက ပလက်ဝဘက်ကနေ ရခိုင်သဇင်မျိုးတွေရတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက်မှာတော့ သဇင်မျိုးဥကိုရှာမဲ့သူတွေလည်း မရှိတော့ဘူး။ ပန်းတွေရောင်းတဲ့အခါမှာ ဥနဲ့တွဲပြီးရောင်းချပေးတယ်။ ကိုယ့်ရခိုင်ပြည်အတွင်းမှာ ထိန်းသိမ်းစိုက်ပျိုးခြင်းမလုပ်တဲ့အတွက် အခုလို သဇင်မျိုးဥကရှားလာတာဖြစ်တယ်“ဟု သဇင်ပန်းစိုက်ပျိုးသူ ကျောက်ဖြူမြို့ဒေသခံ ဦးသန်းလှိုင်ကပြောသည်။

ရခိုင်သဇင်မျိုးဥရှားပါးလာခြင်းကြောင့် လက်ရှိမှာ ထားဝယ်သဇင်၊ သာယာဝတီသဇင်၊ တနင်္သာရီသဇင်၊ ဘားအံသဇင် စသည့်သဇင်မျိုးဥများကိုသာ အဓိကစိုက်ပျိုးလာကြသည်ဟုလည်း ၎င်းကဆက်ပြောသည်။

ပြည်မဖက်မှဝယ်ယူရသည့် သဇင်မျိုးဥများမှာ ယခင်နှစ်က တစ်ပိဿာ ကျပ် ၃ သိန်းဝန်းကျင်ခန့်ရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်ပိဿာကို ကျပ် ၃ သိန်း ၄ သောင်းကျော် ပေးဝယ်ရကြောင်းလည်း သဇင်ပန်းစိုက်ပျိုးသူများထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်သဇင်ပန်းမျိုးတုန်းမည့်အရေးနှင့် မကြုံတွေ့စေရန် တတ်နိုင်သည့်ဖက်မှ ထိန်းသိမ်းစိုက်ပျိုးသင့်သည်ဟု ရခိုင်သဇင်ပန်းကိုစိုက်ပျိုးနေသော စစ်တွေမြို့မှ ”ပြည့်ပြည့်သဇင်”သဇင်ပန်းအရောင်းဆိုင်ပိုင်ရှင်က ပြောသည်။

“ကျမတို့မှာ ရခိုင်သဇင်ပန်းပင်စိုက်ပျိုးထားတာ ၁၀ နှစ်လောက်တော့ရှိပြီ။ အပွင့်ကိုပဲရောင်းတယ်။ အပင်တွေကိုတော့ မရောင်းဘူးပေါ့နော်။ အခုနောက်ပိုင်းမှာ ရခိုင်သဇင်ပန်းတွေရှာပါးလာတယ်ဆိုတော့ ကျမတို့အနေနဲ့လည်း ကိုယ်တတ်နိုင်သလောက် စိုက်ပျိုးထိန်းသိမ်းထားတယ်။ တခြားလူတွေအနေနဲ့လည်း ကိုယ်တတ်နိုင်သလောက် ထိန်းသိမ်းပေးပါလို့ပြောချင်ပါတယ်”ဟု ၎င်းကပြောသည်။

ကိုဗစ်ဖြစ်ပွားခဲ့မှုကြောင့် ယခင်နှစ်က ပွဲလမ်းသဘင်နည်းပါးခဲ့ကာ သဇင်ပန်းများအရောင်းအဝယ်နည်းပါးခဲ့သော်လည်း ယခုနှစ်တွင် ပွဲလမ်းသဘင်များရှိသဖြင့် သဇင်ပန်းရောင်းအားပြန်ကောင်းလာကြောင်း ရခိုင်သဇင်ပန်းရောင်းချနေသူများထံမှ သိရသည်။

ကျောက်တော်မြို့မှ သဇင်ပန်းမျိုးရောင်းချသူတစ်ဦးကလည်း ယခင်က ပလက်ဝဖက်မှ သဇင်ပန်းမျိုးဥများရရှိခဲ့သော်လည်း ယခုနောက်ပိုင်းမှာမရရှိသည့်အတွက် အခြားသဇင်ပန်းမျိုးစိတ်များကိုသာ ရောင်းချနေရကြောင်းပြောသည်။

သဇင်ပန်းမှာ ဆောင်ရာသီကာလ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် အဓိကပွင့်ပြီး အပွင့်ပွင့်ပြီးနောက် မတ်လနှောင်းပိုင်းတွင် သဇင်ဥများကိုရောင်းချကြသည်။

သဇင်ပန်းပင်မှာ အနံ့ဆိုးများရလျှင်လည်း အပင်သေတတ်သဖြင့် စိုက်ပျိုးရာတွင် လေဝင်လေထွက်ကောင်းသည့်နေရာ၌ စိုက်ပျိုးရပြီး မိုး၊ ရေ၊ လေနှင့် အလင်းရောင်ရရှိမှုတို့ကိုလည်း အထူးဂရုစိုက်၍ စိုက်ပျိုးရန်လိုအပ်ကြောင်း သဇင်ပန်းစိုက်ပျိုးသူများကပြောသည်။

သဇင်ပန်းပင်ကို သစ်သားတိုင်တွင် အုန်းဆံပတ်၍သော်လည်းကောင်း၊ ပန်းအိုးငယ်များအသုံးပြု၍သော်လည်းကောင်း စိုက်ပျိုးကြပြီး ပြည်မဘက်တွင် သဇင်ပန်းကို စီးပွားဖြစ်စိုက်ပျိုးလာကြသည်။

https://www.facebook.com/dmgnewsagency/posts/2167296956756037

Leave a Reply

Your email address will not be published.