တရုတ်နိုင်ငံမှ Spaceflight အပိုင်းအစများ ရခိုင်ပင်လယ်ပြင်သို့ ကျရောက်မည်

By Development Media Group (DMG)/ 2021 November 30

Photo – ရခိုင်ပင်လယ်ပြင်သို့ကျရောက်ခဲ့သော တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သောအစိတ်ပိုင်းတစ်ခုအား၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့ကတွေ့ရစဉ်။

တရုတ်နိုင်ငံမှ အာကာသယာဉ် Spaceflight အပိုင်းအစမှာ ရခိုင်ပင်လယ်ပြင်အတွင်းသို့ကျရောက်မည်ဖြစ်၍ လေကြောင်း၊ ရေကြောင်းများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသွားအလာရှောင်ရှားကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါ Spaceflight ရေယာဉ်၏အပိုင်းအစများမှာ မြန်မာရေပိုင်နက်ဖြစ်သော ရခိုင်ပင်လယ်ပြင်အတွင်းသို့ ဒီဇင်ဘာ ၆ ရက်နေ့မှ ၁၂ ရက်နေ့အတွင်းကျရောက်မည်ဖြစ်ကာ ကျရောက်နိုင်သည့်အချိန်မှာ နံနက် ၅ နာရီခွဲမှ ၈ နာရီခွဲအချိန်ခန့်အတွင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့အတွက် လေကြောင်း၊ ရေကြောင်းများအန္တရာယ်ကင်းရှင်းစေရန် အသိပေးကြေညာထားပြီးဖြစ်ကြောင်း သံတွဲခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းသိန်းကပြောသည်။

“ဟုတ်ပါတယ် Spaceflight အပိုင်းအစတွေက ဒီဇင်ဘာ ၆ ရက်နေ့မှ ၁၂ ရက်နေ့အတွင်းကျရောက်မှာဖြစ်တယ်လို့ စာဝင်ထားလို့ ရေကြောင်း၊ လေကြောင်းတွေကို နံနက် ၅ နာရီခွဲက ၈ နာရီခွဲအတွင်းမထွက်ဖို့သတိပေးပြောဆိုထားပါတယ်”ဟု ဦးထွန်းသိန်းကပြောသည်။

Spaceflight အာကာသယာဉ်၏အစိတ်အပိုင်းမှာ မာန်အောင်လေဆိပ်၏အနောက်တောင်ဖက် ရေမိုင် ၂၈ မိုင်၊ သံတွဲလေဆိပ်မှ ရေမိုင် ၁၈ မိုင်၊ ပုသိမ်လေဆိပ်မှ ရေမိုင် ၆၁ မိုင်အတွင်း ကျရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအာကာသယာဉ်၏ အစိတ်အပိုင်းများကြောင့် တစ်စုံတစ်ရာထိခိုက်မှုဖြစ်ခဲ့ပါက တရုတ်ပြည့်သူသမ္မတနိုင်ငံအနေဖြင့် တာဝန်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သောအစိတ်ပိုင်းများကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်တစ်ကြိမ်၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့တွင်တစ်ကြိမ် စွန့်ပစ်ခဲ့၍ ရခိုင်ပင်လယ်ပြင်အတွင်း ကျရောက်ခဲ့သည်။

https://www.facebook.com/dmgnewsagency/posts/2168918489927217

Leave a Reply

Your email address will not be published.