တစ်လကျော်အတွင်း ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့ ကန်ဒေါ်လာ ၅ ဒဿမ ၃ သန်းဖိုးအထိ ကုန်သွယ်မှုပြုနိုင်ခဲ့

By Development Media Group (DMG)/ 2021 November 29

ရခိုင်ပြည်နယ်အတွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်တင်ပို့ရာတွင် အောက်တိုဘာလ ၁၆ ရက်နေ့မှ နိုဝင်ဘာ ၂၉ ရက်နေ့အထိ ၄၅ ရက်တာအတွင်း အမေရိကန်ဒေါ်လာ ၅ ဒဿမ ၃ သန်းအထိ ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(RSCCI)မှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည် ၅၂၃၁၁၃၉ ဒဿမ ၁၈ ဒေါ်လာဖိုးတင်ပို့ခဲ့ပြီး ရေချိုငါးတင်ပို့မှုမှာ အများဆုံးဖြစ်ကြောင်း RSCCI မှ အတွင်းရေးမှူး ကိုအောင်အောင်ကပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလည်း ရခိုင်ပြည်နယ်အတွင်းသို့ ၂၆၆၂၈ ဒသမ ၂၉ ဒေါ်လာတန်ဖိုးရှိ ရေတိုင်ကီ၊ ပလက်စတစ်ပစ္စည်း၊ ဒန်အိုး၊ ဒန်ခွက်နှင့် အဝတ်အထည်အချို့ကို တင်သွင်းခဲ့ကြောင်း သိရသည်။

“အဓိကကတော့ ရေချိုငါးတင်ပို့မှုများသွားလို့ပါ။ ကုန်သွယ်မှုတန်ဖိုးရဲ့ ၆၅ ရာခိုင်နှုန်းလောက်က ပြည်မဘက်ကလာတဲ့ ရေချိုငါးတွေဖြစ်တယ်။ ကျန်တာတွေက ကြက်သွန်နီ၊ ဇီးဖက်တို့ ဇီးထုပ်တို့ကိုတင်ပို့ခဲ့တာပါ။ ဒါပေမယ့် ရခိုင်ဒေသထွက်တဲ့ကုန်တွေကိုတော့ မတင်ပို့နိုင်သေးပါဘူး”ဟု ကိုအောင်အောင်က ပြောသည်။

ယခင်က ရခိုင်ပြည်နယ်မှ ဆန်၊ ငါးနီတူခြောက်၊ ပင်လယ်ငါး၊ ကွမ်းသီး၊ ပြောင်းနှင့် မြေပဲတို့ကိုတင်ပို့ခဲ့သော်လည်း လက်ရှိအချိန်တွင် အဆိုပါကုန်စည်များကို မတင်ပို့နိုင်သေးကြောင်း ကိုအောင်အောင်က ရှင်းပြသည်။

“ဆန်ကတော့ သူတို့ဘက်ကမဝယ်သေးတဲ့အတွက် မတင်နိုင်သေးတာဖြစ်တယ်။ ငါးနီတူခြောက်ကလည်း အခုမရသေးဘူး။ ဒီဇင်ဘာလအလယ်လောက်ကျမှပဲ ရမယ်လို့ခန့်မှန်းပါတယ်။ ကျန်တာတွေကတော့ ပစ္စည်းမပေါသေးလို့ထင်ပါတယ်”ဟု ၎င်းကဆိုသည်။

ယခင်နှစ်က တစ်လလျှင် ကန်ဒေါ်လာ ၂ သန်းကျော်ခန့်သာ ကုန်တင်ပို့မှုရှိခဲ့သော်လည်း ယခုအချိန်တွင်တင်ပို့မှုသည် ဒေါ်လာ ၃ သန်းကျော်အထိရှိနေသည်အတွက် ယခင်နှစ်များထက် ကုန်တင်ပို့မှု ပိုများခဲ့သည်။

ရခိုင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်ရာတွင် ကုန်သွယ်ခွန်ကောက်ခံခြင်းမရှိပဲ ဝင်ငွေခွန်အတွက် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းသွင်းကြရကြောင်း ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကပြောသည်။

“ဒီလို နယ်စပ်ကုန်သွယ်ရေးစခန်းတွေလည်ပတ်နေတော့ အလုပ်အကိုင်အခွင့်အလမ်းတွေရမယ်။ နောက်ပြီး နိုင်ငံအတွက်လည်း နိုင်ငံခြားဝင်ငွေတွေရမယ်။ ပြီးတော့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေလည်း အသက်ရှူပေါက်ရသွားတာပေါ့”ဟု အဆိုပါကုန်သည်ကပြောသည်။

လက်ရှိကုန်ပစ္စည်းများတင်ပို့ရာတွင် ကိုဗစ်စည်းကမ်းနှင့်အညီ တင်ပို့နေရသည့်အတွက် ကုန်စည်တင်ပို့ရေးအတွက် ကြန့်ကြာမှုအချို့ရှိနေကြောင်းလည်း ကုန်သွယ်ရေးလုပ်ကိုင်နေသူများက ပြောသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းဝင်ရောက်လာမှုကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ပြည်နယ်စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် ပိတ်ထားခဲ့သည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများ ယာယီရပ်နားထားသည်မှာ သုံးလခန့်ကြာပြီးနောက် အောက်တိုဘာလ ၁၃ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2168226626663070

Leave a Reply

Your email address will not be published.