တက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ဘာသာတစ်ခုတည်းကို ကိုယ်စားပြုသည့်အဆောက်အဦး တည်ဆောက်နေခြင်းအပေါ် အမြင်များ

By Western News/ 2021 November 25

ရခိုင်ပြည်နယ်ရှိ စစ်တွေတက္ကသိုလ်ပင်မဆောင်ရှေ့တွင် ဓမ္မာရုံဆောက်လုပ်ရန် စီစဥ်နေသည်မှာ အမျိုးသားပညာရေးဥပဒေနှင့် ဆန့်ကျင်နေသည်ဟု နိုဝင်ဘာ ၂၄ ရက်နေ့တွင် ကျောင်းသားများသမဂ္ဂ( စစ်တွေတက္ကသိုလ်)မှ သဘောထားထုတ်ပြန်သည်။

လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ ကျောင်းသား၊သူများတက်ရောက်နေသည့် တက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ဘာသာတစ်ခုတည်းကို ကိုယ်စားပြုသည့်အဆောက်အဦးတည်ဆောက်နေခြင်းမှာ တစ်ခြားဘာသာများအပေါ် နှိမ့်ချလိုသည့် သဘောသက်ရောက်သလိုဖြစ်နေသည်ဟု တက္ကသိုလ်ကျောင်းသားခေါင်းဆောင်များနှင့် အရပ်ဖက် အဖွဲ့အစည်းတို့က ဝေဖန်မှုများရှိနေသည်ကို Western News ကဆက်သွယ်မေးမြန်းထားပါသည်။

ဦးခိုင်ကောင်စံ(အမှုဆောင်ဒါရိုက်တာ) ဝံလက်ဖောင်ဒေးရှင်း

ကျွန်တော်ကတော့ ဓမ္မာရုံဆိုတာထက် တက္ကသိုလ်တို့မှာဆိုရင် ဘက်စုံသုံးခန်းမတွေဖြစ်သင့်တယ်။ ကျောင်း ဧရိယာ အတွင်းမှာဆောက်လုပ်ဖို့ဆိုရင် ကျောင်းသားသမဂ္ဂတွေရဲ့ သဘောထားကိုယူဖို့လည်းလိုအပ်တာပေါ့။ ပြီးတော့ ကျောင်းမှာရှိတဲ့ အသင်းအဖွဲ့တွေကိုလည်း ချပြညှိနှိုင်းဖို့လိုအပ်တယ်။ တက္ကသိုလ်ဧရိယာထဲမှာဆိုရင် ဘာအလုပ်ပဲလုပ်လုပ် ကျောင်းသားသမဂ္ဂတွေ၊ အသင်းအဖွဲ့တွေ ကျောင်းသားတွေနဲ့ တွေ့ဆုံပြီးတော့ ဒါကလုပ်သင့် မလုပ်သင့်ညှိနှိုင်းသင့်တယ်။ ဒီဟာကိုလုပ်လိုက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိလာမလဲ။ ကျောင်းသားတွေအတွက် စာကြည့်တိုက်တွေ၊ ကာယအားကစားအတွက် ဘောလုံးကွင်းတွေ၊ ပိုက်ကျော်ခြင်းကွင်းတွေ၊ ဘစ်စကစ်ဘောကွင်းတွေကို ဦးစားပေးလုပ်ဆောင်သင့်တယ်။ ခန်းမ လုပ်မယ်ဆိုရင် လည်း အဲဒီခန်းမကဘက်စုံသုံးလို့ရ ရမယ်ပေါ့။ ရခိုင်ပြည်နယ်မှာက ခရစ်ယာန်ကျောင်းသားတွေရှိမယ်၊ ဘာသာ ပေါင်းစုံရှိတယ်။ အခုဆောက်တဲ့ဓမ္မာရုံမှာ ခရစ်ယာန်ကျောင်းသားတွေက တရားဓမ္မတွေဆွေးနွေးလို့ရမလားပေါ့။ ဓမ္မရုံဆိုပြီးတော့ ဘာသာတစ်ခုအတွက် ရည်ရွယ်လို့လုပ်တယ်ဆိုတာက မဖြစ်သင့်ဘူးလို့မြင်တယ်။ အဓိကနဲ့ သာမညကို ခွဲခြားဖို့လိုအပ်တယ်။ အဓိကလိုအပ်ချက်ကိုပဲ ဖြည့်စွက်ဖို့လိုအပ်တယ်။

ကိုမြတ်ဟိန်းထွန်း(အထွေထွေအတွင်းရေးမှုး) ရက္ခိုင်ကျောင်းသားများ သမဂ္ဂ( တက္ကသိုလ်များ ရန်ကုန်)

တက္ကသိုလ်ဝန်းထဲမှာ ဒီလိုဘာသာရေးအဆောက်အဦးတစ်ခု တည်ဆောက်တယ်ဆိုတာက လက်ခံဖို့ကောင်းတဲ့ အကြောင်းအရာတစ်ခုမဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တက္ကသိုလ်ဆိုတာက ပညာသင်ရတဲ့ဝန်းကျင် ဖြစ်တယ်အတွက်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မှီခိုနေရတဲ့နေရာဖြစ်တယ်။ ကျောင်းဝန်းထဲမှာ ဘာသာရေး အဆောက်အဦးတစ်ခုဆောက်လာတယ်ဆိုရင် ဘာသာရေးကိုအမှီပြုပြီးတော့ ပညာရပ်ဆိုင်ရာနယ်ပယ်တွေမှာ ကျောင်းသားတွေအတွက် ကန့်သတ်စရာတွေဖြစ်လာနိုင်တယ်။ နောက်တစ်ခုက ပညာရေးအသိုင်းအဝိုင်းထဲမှာ ပညာရှာနေတဲ့ကျောင်းသားတွေကို ဘာသာရေးခွဲခြားလိုက်တာနဲ့တူနေတယ်။ ကျောင်းဝန်းထဲမှာ ဘာသာရေးလွပ် လွတ်ခွင့်လုပ်ရမယ်ဆိုရင် လက်ခံတယ်။ ဒီလိုလုပ်မယ်ဆိုရင် ဗုဒ္ဓဘာသာတစ်ခုတည်းအတွက် မဟုတ်ဘဲ ဗလီတွေ၊ ချက်(စ်)ကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်းဆောင်တွေ အကုန်လုံးဆောက်ရမှာပေါ့။ အခုလုပ်နေတာက ဘာသာတစ်ခုရဲ့သြဇာကိုမြင့်တင်ပြီးတော့ အခြားဘာသာတွေကိုနိမ့်ချနေတဲ့ သဘောမျိုးဖြစ်နေတယ်လို့ မြင်တယ်။

ဆလိုင်းပိုင်ဆွန်(CUSR၏ အကြံပေး) ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်းသား၊ သူများအဖွဲ့(CUSR)

တက္ကသိုလ်ဓမ္မရုံတည်ဆောက်ရေးနဲ ပတ်သက်လို့ ကျောင်းသားသမဂ္ဂ (စစ်တွေတက္ကသိုလ်) ရဲ့ ထုတ်ပြန်ချက်ကို တွေ့ပါတယ်။ သူတို့ရဲ့ထုတ်ပြန်ချက်တွေကို ဒုဥက္ကဌဟောင်း တစ်ယောက်အနေနဲ ကြိုဆိုတယ်။ Pluralism (ဗဟုဝါဒထွန်းကားရေး)၊ ဘာသာပေါင်းစုံခွင့်တူညီမျှရေး မဟုတ်ဘဲနဲ ဘာသာရေးတစ်ခုကိုပဲ အခြေပြုတဲ့ စဉ်းစားချက်က ခေတ်သစ်နိုင်ငံမှာ အန္တရာယ်များပါတယ်။ ဆိုတော့ ခေတ်ဆက်ဆက်စစ်အုပ်စုက ကျင့်သုံးခဲ့တဲ့ Divide and Rule Policy က အခုချိန်ထိ အမွေဆိုးတွေကျန်နေသေးတယ်။ ရခိုင်မှာ ဘာသာရေး၊ လူမျိုးပတ်သက်လို့ ပဋိပက္ခရှိခဲ့တယ်။ ဒါနဲပတ်သက်လို့ ရခိုင်ပြည်သူတွေအများစုက သင်ယူကြပြီလို့ယူဆတယ်။ ပညာရေးအင်စတီကျူးရှင်းတွေဖြစ်တဲ့ တက္ကသိုလ်တွေဟာ နောင်တစ်ချိန်မှာ တိုင်းပြည်တာဝန်ကို ယူကြရမယ့် လူအရင်းအမြစ်ကို မွေးထုတ်တဲ့နေရာဖြစ်တယ်။ ဒီလိုနေရာမျိုးမှာ တခြားဘာသာတွေရဲ့ နှုန်းတွေ၊ စံတွေကိုတွေကိုလည်း တန်ဖိုးထားရမယ့်လို့ တစ်နည်းနည်းနဲ ဖော်ဆောင်ရမယ့်သင့်တဲ့ နေရာပါ။ ဒါကို အမြော်အမြင်ရှိတဲ့ ကျောင်းသားသမဂ္ဂ (စစ်တွေတက္ကသိုလ်)၊ ဗဟိုအမူဆောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်က ဗဟုဝါဒထွန်းကားရေးသာမက ဘေးဖယ်ခံရတဲ့ ဘာသာရေးအုပ်စုတွေအတွက် ကာကွယ်တဲ့သဘောပါ။

ကိုဇင်မောင်ထွန်း( မွတ်ဆလင်ခေါင်းဆောင်) စစ်တွေတက္ကသိုလ်ကျောင်းသားများ)

ကျွန်တော်က ဓမ္မာရုံကိစ္စနဲ့ပတ်သက်လာရင် စစ်တွေကျောင်းသားများသမဂ္ဂ ထုတ်ပြန်ထားတာနဲ့ထပ်တူပါပဲ။ ဓမ္မာရုံဆိုတာက ဘာသာရေးကိုအခြေခံတဲ့အရာဖြစ်တာကြောင့် ကျောင်းဝန်းကျင်ထဲမှာ ဘာသာရေးနဲ့ပတ်သက် တဲ့ အရာတွေမရှိသင့်ပါဘူး။ ကျောင်းဆိုတာက ဘာသာရေးကို အခြေခံတဲ့နေရာမဟုတ်ပါဘူး။ ပညာရေးကို အခြေခံတဲ့နေရာ တစ်ခုဖြစ်တယ်။ အဲဒါကြောင့် ကျောင်းထဲမှာ ဘာသာရေးအဆောက်အဦးတွေ လုံးဝမရှိသင့်ဘူး။ တိုးတက်နေတဲ့ နိုင်ငံတွေမှာဆိုရင် တက္ကသိုလ်ကျောင်းတွေမှာ ဘာသာရေးအဆောက်အဦးတွေဆောက်ထား တယ်ဆိုရင် ဘာသာပေါင်းစုံရဲ့ အဆောက်အဦးတွေရှိတယ်။ ဘာသာပေါင်းစုံ တန်းတူအခွင့်အရေးရှိကြတယ်။ အခုဓမ္မရုံဆောက်မယ်ဆိုရင် အစိုးရက ဘာသာပေါင်းစုံကို လေးစားတဲ့အနေနဲ့ တန်းတူအခွင့်အရေးရရှိအောင် လုပ်ပေးရမယ်။ အခုက တက္ကသိုလ်ကျောင်းကို ဘာသာရေးဧရိယာ ပုံစံမျိုးဖြစ်အောင်လုပ်နေတာနဲ့တူနေတယ်။ ကျွန်တော့်အမြင်ပြောရရင် ပညာရေးနဲ့သက်ဆိုင်တဲ့ ဘယ်နေရာမျိုးမှာမဆို ဘာသာရေးအဆောက်အဦးတွေ ထားတာ အကောင်းဆုံးဖြစ်တယ်။

ဦးအောင်စစ်မင်း(တရားလွှတ်တော်ရှေ့နေ)

၂၀၁၅ ခုနှစ်က အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေရဲ့ ဥပဒေပုဒ်မ ၄ ၊ ပုဒ်မခွဲ (ဌ)မှာ ကျောင်းတွေမှာ သာသာရေးနဲ့ နိုင်ငံရေးအဖွဲ့အစည်တွေရဲ့ စွက်ဖက်မှုက ကင်းလွှတ်စေရေးဆိုပြီးတော့ရှိတယ်။ ဥပမာ- ကျောင်းတွေမှာက အမျိုးသားရေးစကားတွေ၊ နိုင်ငံရေးစကားတွေနဲ့ ဘာသာရေး ကို ခွဲခြားဆက်ဆံမှု မလုပ်ရလို့ ဆိုလိုတဲ့ ရည်ရွယ်ချက်ပေါ့။ ကျောင်းတွေမှာ ဘာသာရေးအဆောက်အဦးတွေ၊ နိုင်ငံရေးအဆောက်အဦးတွေ မဆောက်ရလို့လည်းဆိုလိုတာ။ ဒီထက်လည်းအများကြီးရှင်းထားတာမှာဦးမှာ။ အဲဒီဥပဒေက အခု အချိန်ထိ အသက်ဝင်နေတုန်းပဲ။ ဒီဥပဒေနဲ့ဆန့်ကျင်မှုရှိရင်တော့ ပညာရေးနဲ့သက်ဆိုင်တဲ့အကြီးအကဲတွေက ဟန့်တာဖို့၊ ဟန့်တားလို့မရရင် တရားရုံးမှာတရားစွဲဆိုနိုင်တယ်။

https://www.facebook.com/westernnewsagency/posts/416185323521311

Leave a Reply

Your email address will not be published.