စစ်ဘေးရှောင်‌စခန်းများတွင် အနွေးထည်နှင့် ကျောင်းနေအရွယ်များအတွက် သင်ထောက်ကူပစ္စည်းများ လိုအပ်ချက်ရှိနေ

By Western News/ 2021 November 14

ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းများတွင် ဆောင်းတွင်းဝတ်မည့် အနွေးထည်အဝတ်အစားများနှင့် ကျောင်းနေအရွယ်များအတွက် ပညာရေးသင်ထောက်ကူပစ္စည်းနှင့် ကျောင်းသုံးအဝတ်စားများ လိုအပ်ချက်ရှိ နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ရခိုင်ရှိ စစ်ရှောင်စခန်းနီးပါးတိုင်းတွင် အနွေးထည်နှင့် သင်ထောက်ကူပစ္စည်းများလိုအပ်ချက်ရှိနေပြီး အစိုးရဖက်မှလည်း တစ်စုံတစ်ရာထောက်ပံ့မှုများမပြုလုပ်သည့်အတွက် အဘက်ဘက်မှ ခက်ခဲမှုဖြစ်နေကြသည်ဟု လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသူတစ်ဦးဖြစ်သည့် ဦးစိုးမင်းအောင် ကပြောသည်။

“စစ်ရှောင်တွေမှာတော့ အားလုံးကလိုအပ်ချက်တွေချည်းပါပဲ။ ဆောင်းရာသီရောက်ရင်အနွေးထည်ဆိုတာလည်းလိုတာပဲ။ အရင်ကလှူထားတာတွေလည်းရှိမှာပေါ့။ ဒါပေမယ့် လုံလောက်မှာတော့မဟုတ်ဘူး။ ကျောင်းဖွင့်ချိန်ဆိုရင် သင်ထောင်ကူဆိုင်ရာပစ္စည်းတွေ လိုအပ်လာတာ။ စစ်ဘေးရှောင်တွေမှာ အစိုးဆီကလည်း အားကိုးမရတော့ လာရောက်လှူကြမယ့် အလှူရှင်တွေကိုပဲ မျှော်နေကြရတာပဲလေ။ လိုအပ်ချက်ရှိတဲ့ စခန်းတွေကတော့ အားလုံးနီးပါးပါပဲ။ အထူးသဖြင့်တော့ မဟာမုနိ၊ ညောင်ချောင်း၊ ဝါးတောင်၊ တိန်ညို၊ စင်းဘောကိုင်း အဲ့ဒီစခန်းတွေမှာ ပိုများတာပေါ့” ဟုပြောသည်။

စစ်ဘေးရှောင်များမှာ ဆန်ရိက္ခာနှင့် လူတစ်ဦးလျှင် တစ်လငွေ ၁၅၀၀၀ လောက်သာထောက်ပံမှုရရှိခြင်းကြောင့် သားသမီးများအားကျောင်းထားရန် မတတ်နိုင်သည့်အခြေနေတွင်ရှိနေသည်ဟု စစ်တွေမြို့ ဝိဘဇ္ဇဝါဒီ စစ်ဘေးရှောင်စခန်းမှ ဒေါ်ခင်မိုးသန်းက ပြောသည်။

“စစ်ဘေးရှောင်တွေအတွက် ဆန်ရိက္ခာ နဲ့ လူတစ်ယောက်ကို တစ်လ ၁၅၀၀၀ လောက်ဘဲ ထောက်ပံကြေးရတယ်။ မိဘတွေကလည်း အလုပ်ပုံမှန်မလုပ်ကြရဘူး။ ကျောင်းသွားမယ်ဆိုရင်လည်း ကျောင်းနဲ့ စခန်းကို အသွားအပြန် တစ်ယောက်ကို ၆၀၀ ကျပ်လောက်ပုံမှန်ကုန်ကျတယ်။ စစ်ဘေးရှောင်ကဆိုပြီး အလကားစီးရတာမှမဟုတ်တာ။ ကျောင်းသုံးပစ္စည်းဆိုရင်လည်း ကျောပိုးအိတ်တွေကအစ စာအုပ်စာတမ်းတွေအဆုံး ဘာမှဝယ်မပေးနိုင်ဘူး။ ကျောင်းသားတွေအတွက် မရှိမဖြစ်လိုအပ်တာလေးတွေတောင် မထောက်ပံ့နိုင်တော့ သူတို့တွေကျောင်းတက်ဖို့ ခက်ခဲနေရတာပေါ့” ဟုပြောသည်။

စစ်ဘေးရှောင်များထဲမှ လူဦးရေ ၂၀ ရာခိုင်နှုန်းခန့်မှာကျောင်းနေအရွယ်များဖြစ်ကာ မိဘများငွေကြေး မတက်နိုင်သောကြောင့် ၁၀ ရာခိုင်နှုန်းခန့်သော ကျောင်းသားများမှာ ကျောင်းထွက်လိုက်ရသည်ဟု ရခိုင်တိုင်း ရင်းသားမျိုးနွယ်များ အစည်းအရုံး(REC) ၏စာရင်းများအရသိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ကျောင်းအပ်နှံထားသည့် ကျောင်းသား၊ သူပေါင်း ၅ သိန်း ကျော်ရှိသည့်အနက် လက်ရှိတွင် ကျောင်းတက်ရောက်နေသည့် ကျောင်းသားဦးရေမှာ ၄ သိန်း ၇သောင်းကျော်သာ ရှိသေးသည့်ဟု ပြည်နယ်ပညာရေးမှူးဦးစီးဌာ မှပြောသည်။

ရခိုင်တွင် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင်ဦးရေ ၈ သောင်းကျော်ခန့်ရှိနေသေးပြီး ၎င်းတို့မှာ ကျောင်းဖွင့်ချိန်နှင့် ဆောင်းတွင်းရာသီတို့ရောက်လာပြီဖြစ်သောကြောင့် အနွေးထည်မလုံလောက်မှုအပြင် ကျောင်းနေအရွယ်များအတွက် သင်ထောက်ကူပစ္စည်းများ မလုံလောက်၍ ကျောင်းမတက်ရောက်နိုင်သည့် အခက် ခဲများဖြင့်ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/409085610897949

Leave a Reply

Your email address will not be published.