စစ်ဘေးရှောင်စခန်းမှ ကျောင်းသားများ ကျူရှင်ခ အခက်ကြုံနေ

By Western News/ 2021 November 16

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၊ ရွှေပါရမီကျောင်း စစ်ဘေးရှောင်စခန်းရှိ ကျောင်းသူ ကျောင်းသားများမှာ ကျူရှင်ခ အခက်အခဲရှိနေကြောင်း စခန်းရှိ ကျောင်းသားမိဘများက ပြောသည်။

စစ်ဘေးရှောင်စခန်းများမှ ကျောင်းသူ ကျောင်းသားများမှာ အစိုးရကျောင်းများတွင် အခမဲ့ ကျောင်းတက်ရောက်ခွင့် ရရှိကြသော်လည်း ထိုကျောင်းသူ ကျောင်းသားများနှင့်အတူ တက်ကြသည့် ရသေ့တောင်မြို့မှ ကျောင်းသားများနည်းတူ ကျူရှင် မတက်နိုင်၍ စာမလိုက်နိုင်ဘဲ ဖြစ်မည်ကို စိုးရိမ်လျက်ရှိကြသည်။

“ကလေးတွေကို အများနည်းတူ ကျူရှင်ထားချင်တယ်။ ဒါပေမယ့်လည်း အလုပ်က အတည်တကျမရှိတော့ ကျူရှင်မထားပေးနိုင်ဘူး။ ကျောင်းဝတ်စုံလည်း ၁ စုံပဲခြုပ်ပေးနိုင်တယ်။ မုန့်ဖိုးလည်း မပေးနိုင်ဘူး” ဟု ၉ တန်းကျောင်းသားတစ်ဦး၏ ဖခင် ဦးဆန်းရီကပြောသည်။

စစ်ဘေးရှောင်များမှာ လူကယ်ပြန်နှင့် ICRC တို့မှ ထောက်ပံ့သည့် ဆန်နှင့် တခြားသော အိမ်သုံးထောက်ပံ့ပစ္စည်းများကိုသာ မှီခိုအားထားနေရပြီး အပြင်ထွက်ပြီး အလုပ်လုပ်ရန်လည်း အလုပ်အကိုင် ရှားပါးကြောင်းဆိုသည်။

“ကျနော့်မှာ ကျောင်းသား ၂ ယောက်ရှိတယ်။ သူတို့လေးတွေကို အများလိုပဲ ကျူရှင်ထားပေးချင်ပေမယ့် အလုပ်က မယ်မယ်ရရ မရှိတော့ မထားနိုင်ဘူး။ ကလေးတွေ ပညာရေး နောက်ကျမှာ အားငယ်မှာ စိုးရိမ်မိတယ်။ ရွာပြန်ဖို့ကလည်း ရွာမှာက စစ်တပ်က တပ်စွဲထားတော့ ဘယ်လိုမှ အိမ်ပြန်လို့ မရဘူး ဖြစ်နေတယ်” ဟု ရွှေပါရမီကျောင်း စစ်ဘေးရှောင်စခန်းမှ ဦးခင်မောင်ဦးက ပြောသည်။

ကိုဗစ်ဖြစ်ပွားမှုနှုန်း ကျဆင်းလာပြီးနောက် မြန်မာနိုင်ငံအနှံ့ ကျောင်းများကို ယခုလ နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်ခဲ့ပြီး ရခိုင်တွင် ကျောင်းသားဦးရေ ၅ သိန်းနီးပါး ကျောင်းတက်ရောက်လျက်ရှိသော် စစ်ဘေးရှောင်စခန်းများမှ ကျောင်းသား ၁၀ ရာခိုင်နှုန်းထိ ကျောင်းဆက်မတက်နိုင်ဘဲ ရှိနေသည်။

https://www.facebook.com/westernnewsagency/posts/410366090769901

Leave a Reply

Your email address will not be published.