စစ်တွေ ဝင်္ကဘာကွင်းတွင် ဇာတ်စင်ဆောက်ထားပြီးမှ ကပြခွင့်ကို စစ်ကောင်စီ တားမြစ်

By Western News/ 2021 November 17

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တန်ဆောင်တိုင်ပွဲတော်တွင် ကပြဖျော်ဖြေရန်အတွက်စိန်ရွှေရတနာဇာတ်သဘင်မှာ ဝင်္ကဘာကွင်း၌ ဇာတ်စင်ဆောက်လုပ်ပြီးစီးမှ စစ်ကောင်စီမှကပြခွင့်ကိုတားမြစ်လိုက်သည်ဟု ဇာတ်ပိုင်ရှင် ကပြောသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်တစ်ခုက ကိုဗစ်ကြောင့်ဇာတ်ကပြခွင့် မပြုတော့ကြောင်းကို ဘုရားကြီးဂေါပက ဥက္ကဌမှတစ်ဆင့်ဖုန်းဆက်ပြောဆိုလာသည်ဟု စိန်ရွှေရတနာဇာတ်သဘင်ပိုင်ရှင် ဒေါ်အေးမြသန်းက Western News ကိုပြောသည်။

“ ကျွန်မတို့လည်း ပထမကခွင့်ပြုချက်ရလို့ ဇာတ်စင်ဆောက်တာ။ စရံငွေတွေလည်းပေးထားပြီးပြီ။ အဲဒါကို မနေ့က စစ်သားတစ်ယောက်က ကိုဗစ်နဲ့ဖြစ်လို့ခွင့်မပြုတော့ဘူးလို့ ဂေါပကကိုဖုန်းဆက်တယ်။ ဂေါပကက ကျွန်မကိုဖုန်းဆက်လို့သိရတာ။ ဘယ်တပ်ကဆိုတာကို ကျွန်မလည်းအတိကျမသိရဘူး”ဟုဆိုသည်။

မိမိတို့ဇာတ်သဘင်ကို တစ်ခြားမြို့နယ်များက လာရောက် ငှားရမ်းမှုများရှိခဲ့သော်လည်း စစ်တွေမြို့တွင် ကပြရမည်ဟုဆိုကာ အငှားမလိုက်ခဲ့ကြောင်း ယခုလိုဇာတ်ကပြခွင့်ကိုတားမြစ်လိုက်သည့်အတွက် ဇာတ်အဖွဲ့ သူ၊သားတို့၏ စားဝတ်နေရေအပိုင်းတွင် နစ်နာမှုများဖြစ်သွားသည်ဟု ဒေါ်အေးမြသန်းကပြောသည်။

ယခုလိုဇာတ်ကပြခွင့်တားမြစ်ခံရခြင်းနှင့် ပတ်သက်၍ Western News က ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ပြောရေဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ဇာတ်သဘင်အဖွဲ့ခေါင်းဆောင် များကို‌ခေါ်ယူ၍ ခွင့်ပြုချက်ရယူရေးအပါအဝင် ကိုဗစ်စည်းကမ်းချက်များအား လိုက်နာရေး ဝန်ခံလက်မှတ် ရေးထိုး ဆောင်ရွက်ရန် ပြည်နယ်ကောင်စီ ပုံမှန်ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

https://www.facebook.com/westernnewsagency/posts/411252107347966

Leave a Reply

Your email address will not be published.