စစ်တွေ ရိုးရာသင်ပုတ်ဆွမ်းကပ်လှူပွဲ၌ အမျိုးသမီးငယ် ၂၀၀ ခန့်ပါဝင်ဆင်နွှဲ၊ ရိုးရာဝတ်စုံများဖြင့် ပါဝင်ခွင့်ရ၍ ဂုဏ်ယူမိကြောင်းပြောကြား

By Narinjara/ 2021 November 18

အေးမြတ်ခိုင်

ယနေ့ နံနက် ၆ နာရီက စစ်တွေတန်ဆောင်တိုင်ပွဲတော် ရခိုင်ရိုးရာ သင်ပုတ်ဆွမ်းကပ်လှူပွဲတွင် အမျိုးသမီးငယ် ၂၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြပြီး ရခိုင်ရိုးရာဝတ်စုံများကို ဝတ်စားဆင်ယင်ပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ခွင့် ရရှိသဖြင့် ဝမ်းသာဂုဏ်ယူကြောင်း ပြောဆိုကြသည်။

ရိုးရာဝတ်စုံဖြင့် သင်ပုတ်ဆွမ်းလာရောက်ကပ်လှူသည့် စစ်တွေမြို့က အမျိုးသမီးငယ်တစ်ဦးဖြစ်သူ မသန်းသန်းဌေးက “တစ်နှစ်မှာတခါကျတဲ့ တန်ဆောင်တိုင်ပွဲတော်ပေါ့နော်။ ဒီလိုရခိုင်ရိုးရာဝတ်စုံဝတ်ပြီး ဘုရားမှာ ကုသိုလ်ယူခွင့်ရတဲ့အတွက်အရမ်း ဝမ်းသာပါတယ်”ဟု ပြောသည်။

သင်ပုတ်ဆွမ်းကပ်လှူပွဲတွင် ပါဝင်ဆင်နွှဲသည့် အမျိုးသမီးငယ်များသည် မြောက်ဦးခေတ်ရိုးရာ ဝတ်စုံများ အပါအဝင် ရခိုင်ရှေးဟောင်း ခေတ်လေး ခေတ်ဝတ်စားဆင်ယင်မှုများကို ဝတ်ဆင်ပြီး စစ်ကဲတော်မင်း ကျောင်းတိုက်က စတင်ကာ မြို့တွင်း လမ်းများတွင် စီတန်းလှည့်လည် လမ်းလျှောက်ကာ ဘုရားသိမ်များတွင် သင်ပုတ်ဆွမ်းကပ်လှူခဲ့ကြသည်ဟု သိရသည်။

ထိုသို့ စီတန်းလမ်းလျှောက်ချိန်တွင် လေးဝတီ ရခိုင်မင်္ဂလာ စည်တော်ဝိုင်းအဖွဲ့က ရခိုင်ရိုးရာ စည်တော်များကိုတီးခတ်ကာ ခရုသင်းများကိုလည်း မှုတ်ခဲ့ကြသည်။

ကျောက်တော်မြို့နယ်က သင်ပုတ်ဆွမ်းကပ်လှူပွဲတွင် ပါဝင်ဆင်နွှဲခဲ့သူ မငြိမ်းငြိမ်းဌေးက “ဒီလိုရိုးရာယဉ်ကျေးမှုတွေကို တန်ဖိုးထား ထိန်းသိမ်း သင့်ပါတယ်။ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှု အဆင့်အတန်းက ဘယ်အတိုင်း အတာထိ မြင့်မားတယ်ဆိုတာ ဒါမှ ခုခေတ် ရခိုင်လူငယ်တွေသိကြမှာ။ ခုလို ရိုးရာ ယဉ်ကျေးမှု မပျောက်ကွယ်ရအောင် ဖော်ထုတ်တဲ့အနေနဲ့ ရိုးရာ အဝတ်အစားတွေ၊ စည်တော်တွေတီးပြီး ပွဲတော်ကို စည်စည်ကားကား ကျင်းပတာ အရမ်းပျော်စရာကောင်းပါတယ်” ဟု ပြောသည်။

ရခိုင်ရိုးရာ သင်ပုတ်ဆွမ်းပွဲဖြစ်မြောက်ရေးကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုဇော်လှိုင်ညွန့်က ရခိုင်ရိုးရာသင်းပုတ်ဆွမ်းကပ်လှူပွဲကို နောင်လာ နောင်သားမျာ တန်ဖိုးထားသိရှိစေလိုသည့်အတွက် ယခုလို ဖော်ထုတ်ရခြင်း ဖြစ်ကြောင်းပြောသည်။

“ကျွန်တော်တို့ ရခိုင်ဘုရင်တွေလက်ထက်ကနေ ဒီရိုးရာဓလေ့က ဆင်းသက် လာပါတယ်။ ဆောင်းဦး စပါးသီးနှံပေါ်စအချိန်မှာ လပြည့်နေ့မှာ ဘုရားကို ဦးအောင်လှူဒါန်းကြပါတယ်။ အဲ့ဒီရိုးရာတွေက ပျောက်ကွယ်လာတာပေါ့။ အဲ့ဒါကို ပြန်ဖော်ထုတ်တဲ့အနေနဲ့ နောက်မျိုးဆက်သစ်တွေလည်း ငါတို့မှာ ဒီလိုရိုးရာအစဉ်အလာတွေရှိပါလားဆိုတာကို ကျွန်တော်တို့ကဦးစီးပြီး ရိုးရာကိုဖော်ထုတ်တာပါ။ဟုပြောသည်။

ယနေ့ နံနက်က ကျင်းပခဲ့သည့် သင်ပုတ်ဆွမ်းကပ်လှူပွဲတော်တွင် ရခိုင်ရိုးရာ ဝတ်စုံများ ဝတ်ဆင် ထားသည့် အမျိုးသမီးငယ် ၂ဝဝကျော်အပါအဝင် လူပေါင်း ၃၀၀ ပါဝင်ခဲ့သည်။

https://www.facebook.com/narinjara.info/posts/4892141047464600

Leave a Reply

Your email address will not be published.