စစ်တွေမှ White House အိမ်ဖြူတော် KTV ပိုင်ရှင် ဦးသိန်းရွှေကို လက်နက်ကိုင်တစ်စုက ဖမ်းခေါ်သွားဟုဆို

By Narinjara/ 2021 November 9

ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်စံပြရပ်ကွက်ရှိ White House အိမ်ဖြူတော် KTV ပိုင်ရှင်လည်းဖြစ်၊ ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှ စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်သည့် ဦးသိန်းရွှေသည် လက်နက်ကိုင် အဖွဲ့ တစ်ခု၏ ဖမ်းဆီးခြင်းကို ခံထားရသည်ဟု မိသားစုများမှတစ်ဆင့် သိရသည်။

၄င်းသည် နိုဝင်ဘာလ ၇ ရက် နံနက်က စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာဘုန်းကြီးကျောင်းတွင်ပြုလုပ်ခဲ့သည့် ညီဖြစ်သူ၏ကထိန်ပွဲတွင် ပစ္စတိုသေနတ်များကိုင်ဆောင်ထားသူ ၃ ဦး၏ လာရောက်ခေါ်ဆောင်ခြင်းကိုခံလိုက်ရသည်ဟု မျက်မြင်တစ်ဦးက နိရဥ္စရာကို ပြောသည်။

“ဘုန်းကြီးကျောင်းအပေါ်ထပ် လှေကားထစ်ကနေ ဆင်းလာတဲ့အခါမှာ သူ့လက်ကို တစ်ယောက်တစ်ဖက်ကိုင်ပြီး အနောက်ကနေတစ်ယောက်ကတော့ ပစ္စတိုသေနတ်နဲ့ထောက်ထားတယ်။ နောက်ပြီးတော့ လက်ထိပ်ခတ်သွားတယ်။ ဆူဆူညံညံဖြစ်သွားတာတော့မရှိဘူး။ သေနတ်တွေနဲ့ဆိုတော့ လူတွေကလည်း ကြောက်လို့ အနားကို မကပ်ရဲဘူး။ ဖမ်းသွားတဲ့သူတွေကတော့ ရိုးရိုးပွဲလာစားတဲ့အဝတ်အစားတွေနဲ့ မျက်နှာတွေဘာတွေ ဖုံးထားတာတော့မရှိဘူး” ဟု ပြောသည်။

ဦးသိန်းရွှေကို ဖမ်းဆီးသွားသူများသည် မည်သည့်အဖွဲ့မှဖြစ်သည်ကိုမသိရသော်လည်း အိမ်စီးကား ၃ စီးဖြင့် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် ဦးသိန်းရွှေ၏ညီဖြစ်သူကလည်း သူ့အစ်ကိုဖမ်းဆီးခံလိုက်ရမှုနှင့်ပတ်သက်ပြီး ၄င်း၏လူမှုကွန်ရက်စာမျက်နှာတွင် အတည်ပြု ရေးသား ဖော်ပြထားသည်။

ဦးသိန်းရွှေကို မည်သည့်အဖွဲ့က မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို နိရဥ္စရာက သီးခြားအတည်ပြု၍ မရသေးပါ။

https://www.facebook.com/narinjara.info/posts/4862053010473404

Leave a Reply

Your email address will not be published.