By RFA/ 2021 November 25
■ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားအနေနဲ့ နိုဝင်ဘာလ ၂၅ ရက် ဒီနေ့မနက်က Women Generation အဖွဲ့က ဦးဆောင်ပြီး “စက်ဘီးစီးကမ်ပိန်း”ကိုပြုလုပ်ခဲ့ကြပါတယ်။
”လူငယ်တွေ တော်တော်များများ Crazy ဖြစ်တဲ့အထဲမှာ ပါတာပေါ့နော်။ ခုက ဆောင်းရာသီလည်းဝင်စဆိုတော့ စက်ဘီးစီးရင် ပိုပြီးတော့ သင့်တော်မယ်ထင်တယ်။ နောက်ပြီး အမျိုးသမီးအကြမ်းဖက်မှုရပ်တန့်ရေးနဲ့ ရခိုင်ပြည်နယ်မှာ တော်တော်များများ စက်ဘီးစီးတာ မတွေ့သေးဘူး။ အဲဒါကြောင့် စက်ဘီးစီးကမ်ပိန်းကို လုပ်လိုက်တာဖြစ်ပါတယ်” လို့ Women Generation အဖွဲ့က ဒါရိုက်တာ မခင်မြင့်ဇော် က ပြောပါတယ်။
ဒီလှုပ်ရှားမှုကို စစ်တွေမြို့၊ ကုလားတန်မြစ်ကမ်းနားမှာရှိတဲ့ ကိုရီးယားဆိပ်ကမ်းကနေစပြီး လမ်းမကြီးတလျှောက်နဲ့ ရှုခင်းသားလမ်းအတိုင်း စစ်တွေဗျူးပွိုင့်အထိ ပြုလုပ်ခဲ့ကြတာပါ။
”အမျိုးသမီးအရေးဟာ အားလုံးနဲ့ဆိုင်သလို လူ့အခွင့်အရေးလည်းဖြစ်တာမို့ ပါဝင်လာတာဖြစ်ပါတယ်” လို့ ဒီနေ့ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့က ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။
အခုလို အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလှုပ်ရှားမှုကို နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့ထိ ကမ္ဘာတဝှမ်းမှာ ပြုလုပ်နေကြတာဖြစ်ပါတယ်။