စစ်တွေမြို့မစျေးကြီးအနီး ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရန် လမ်းအချို့ကို တစ်လမ်းမောင်းစနစ် ပြန်လည်ကျင့်သုံး

By Development Media Group (DMG)/ 2021 November 13

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မစျေးကြီးအနီး ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရန် နိုဝင်ဘာလ ၁၃ ရက်နေ့က လမ်းအချို့ကို တစ်လမ်းမောင်းစနစ်ဖြင့် မောင်းနှင့်သည့်စနစ်ကို ပြန်လည်ကျင့်သုံးသွားမည်ဖြစ်ကြာင်း အမှတ်(၅)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရခိုင်) မှ ဒုတပ်ခွဲမှူး မြတ်မိုးကျော်သူက DMG သို့ပြောသည်။

တစ်လမ်းမောင်းစနစ် ပြန်လည်ကျင့်သုံးသည့်လမ်းများတွင် စစ်တွေမြို့မစျေးသို့ ဝင်ရောက်ရာလမ်းများဖြစ်သည့် ရေတွင်းလမ်း၊ စျေးကြီးလမ်း၊ ကုန်သည်လမ်း၊ ထီးတန်းလမ်းနှင့် ရွှေဘန်းလမ်းတို့ ပါဝင်သည်။

“ဒီစနစ်က လုပ်ထားတာကြာပြီ။ ဒါပေမဲ့ နယ်မြေဒေသအခြေအနေတွေနဲ့ ကိုဗစ်ဖြစ်တာတွေကြောင့် ဒီစနစ်ကပျက်သွားခဲ့ရတာ။ အခုက ကိုဗစ်ရောဂါကူးစက်မှုနှုန်းလည်းပါးသွားပြီဆိုတော့ ယာဉ်စည်းကမ်းကိုလည်း ပြန်ထိန်းမှရမယ်ဆိုပြီး တစ်လမ်းမောင်းစနစ်ကို ပြန်အကောင်အထည်ဖော်တာ”ဟု ဦးမြတ်မိုးကျော်သူက ပြောသည်။

လက်ရှိတွင် တစ်လမ်းမောင်းစနစ်စတင်အကောင်အထည်ဖော်နေပြီဖြစ်ပြီး လိုအပ်သည့်ဆိုင်းဘုတ်များရေးဆွဲခြင်း၊ ယာဉ်ရပ်နားရမည့်နေရာများ မျဉ်းဆွဲသတ်မှတ်ပေးခြင်း၊ ပလက်ဖောင်းတိုးချဲ့ခြင်းတို့ဆောင်ရွက်ရန်အတွက် မြို့နယ်စည်ပင်ကို တင်ပြထားပြီဖြစ်ကြောင်းကိုလည်း ၎င်းကဆိုသည်။

“ဒီစျေးမှာက စျေးအသွားအလာများတဲ့အချိန်ဆို ယာဉ်ကြောအရမ်းပိတ်တာ။ ဒါကြောင့် ဒီနေရာကို အရင်ဆုံးစလုပ်ဖြစ်တာ။ လောလောဆယ်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေမရှိအောင်လည်း စည်ပင်ရယ်၊ ယာဉ်ထိန်းရဲရယ်၊ နယ်မြေခံရဲတွေရယ်ပေါင်းပြီးရှင်းပေးနေတာတွေရှိပါတယ်”ဟု ဦးမြတ်မိုးကျော်က ရှင်းပြသည်။

လက်ရှိတွင် ပညာပေးခြင်းအစီအစဉ်ကို စတင်လုပ်ဆောင်နေပြီး ပညာပေးကာလအား အချိန်တစ်ပတ်သတ်မှတ်ထားကြောင်း၊ ပညာပေးကာလကျော်လွန်ပါက စည်းကမ်းမလိုက်နာသူကို ခေါ်ယူသတိပေးခြင်း၊ တည်ဆဲဥပဒေအရ အရေးယူခြင်းများရှိလာမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

စစ်တွေစျေးကြီးအနီးတစ်ဝိုက်မှ လမ်းများတွင် စျေးဆိုင်များတိုးချဲ့ရောင်းချနေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားကြောင်း ဒေသခံများကပြောဆိုသည်။

“ဒီစနစ်ပြန်အသက်ဝင်လာတဲ့အတွက် လမ်းသွားလမ်းလာ တော်တော်များများ အဆင်ပြေသွားမယ်လို့လည်း မြင်ပါတယ်။ ဒါပေမဲ့ ဒီအပေါ်မှာ အားလုံးကစည်းကမ်းလိုက်နာပြီး ပူးပေါင်းပါဝင်ဖို့လည်းလိုပါတယ်။ ပြီးတော့ ဒီအပေါ်မှာတာဝန်ယူထားတဲ့သူတွေအနေနဲ့လည်း စည်းကမ်းလိုက်နာမှုရှိ၊မရှိကို အစဉ်တစိုက် စောင့်ကြည့်ပေးဖို့လိုပါလိမ့်မယ်”ဟု စစ်တွေမြို့ဒေသခံ ဦးမိုကျော်က ပြောသည်။

ထို့အပြင် တာဝန်ရှိသူများအနေဖြင့် စစ်တွေမြို့တွင်းလမ်းမပေါ်တွင် ယာဉ်များကို ဖြစ်သလိုရပ်နားထားမှု၊ ယာဉ်နှစ်ထပ် ရပ်နားထားမှုများကိုလည်း စနစ်တကျကိုင်တွယ်ဆောင်ရွက်ပေးစေလိုကြောင်းလည်း ဦးမိုးကျော်ကဆိုသည်။

ပြီးခဲ့သည့်အစိုးရလက်ထက်က စစ်တွေမြို့မှ လမ်းမကြီးအပါအဝင် လမ်းအချို့ကို တစ်လမ်းမောင်းစနစ်ဖြင့်ပြုလုပ်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။

ရခိုင်ပြည်နယ်အတွင်းမှ ကျောက်ဖြူမြို့နှင့် သံတွဲမြို့တို့တွင် တစ်လမ်းမောင်းစနစ်ကို ကျင့်သုံးလျှက်ရှိကြသည်။

https://www.facebook.com/dmgnewsagency/posts/2156044547881278

Leave a Reply

Your email address will not be published.