စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိ မသန်စွမ်းသူများကို တစ်နှစ်ခွဲကြာ ကျန်းမာရေးဝန်ဆောင်မှုပေးရန်စီစဉ်

By Development Media Group (DMG)/ 2021 November 12

ရခိုင်ပြည်နယ်အတွင်းက စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိ မသန်စွမ်းသူများကို တစ်နှစ်ခွဲကြာ ကျန်မာရေးဆိုင်ရာဝန်ဆောင်မှုပေးမည့် စီမံချက်တစ်ခုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်းဒေးရှင်း(မြန်မာ)မှ သိရသည်။

ယင်းစီမံချက်ကို ကျန်းမာရေးလက်လှမ်းမှီမှုရန်ပုံငွေ(Access to Health Fund)အဖွဲ့နှင့်တွဲ၍ လုပ်ဆောင်မည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းကပြောသည်။

“ကျေးရွာတွေကိုသွားပြီး မသန်စွမ်းသူတွေနဲ့တွေ့ဆုံတော့ လတ်တလောမှာ သူတို့စားဝတ်နေရေးအခက်အခဲရှိနေတယ်။ ကျန်းမာရေးဗဟုသုတပိုင်းမှာ အားနည်းကြတယ်။ ဒါကြောင့် အခုလို စီမံချက်လုပ်ဖို့စီစဉ်လိုက်တာပါ”ဟု DMG သို့ပြောသည်။

မသန်စွမ်းသူများအတွက်ပေးအပ်မည့် ကျန်းမာရေးဝန်ဆောင်မှုများကို ရခိုင်ပြည်နယ်အပါအဝင် မွန်ပြည်နယ်၊ ကချင်ပြည်နယ်တို့တွင်လည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံချက်ကို ရခိုင်တွင် ယခုလအတွင်း စတင်အကောင်အထည်ဖော်ရန်အတွက် ရွှေမင်းသားဖောင်ဒေးရှင်းမှ အဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများကို နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ကာ ကျန်းမာရေးသင်တန်း ပေးနေပြီဖြစ်ကြောင်းသိရသည်။

ကျန်းမာရေးဝန်ဆောင်မှုပေးရာတွင် မသန်စွမ်းများကို ဝှီးချဲများ၊ ချိုင်းထောက်များ၊ အမြင်အာရုံ၊ အကြားအာရုံအတွက် လိုအပ်သည့်ပစ္စည်းများ၊ ဆေးဝါးကုသမှုများနှင့် အခြားအထောက်အပံ့ဖြစ်စေမည့်ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းမှ သိရသည်။

“မသန်စွမ်းဖြစ်ပွားမှုနှုန်းတွေကို ကျဆင်းစေချင်တယ်။ မျက်လုံးတွေမှာ တိမ်တွေဘာတွေပေါ်နေရင် မျက်စိမမြင်ရဘူးဖြစ်ကြတယ်။ အချိန်မီဆေးကုသမှုတွေမပေးရင် အမြင်အာရုံမသန်စွမ်းသူ ဖြစ်သွားမယ်။ အချိန်မီကုသလိုက်ရင်တော့ မသန်စွမ်းမဖြစ်တော့ဘူး။ အဲဒီလိုမျိုး အစရှိတဲ့အရာတွေလုပ်ဆောင်သွားမှာပါ”ဟု ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းကပြောသည်။

နိုဝင်ဘာလ ၃ ရက်နေ့ကလည်း စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူများကို အခြေခံစားသောက်ကုန်များနှင့် ကိုဗစ်ရောဂါကာကွယ်ဆေးအပါအဝင် အခြားလိုအပ်သည့်ဆေးဝါးများကို ရွှေမင်းသားဖောင်ဒေးရှင်းမှထောက်ပံ့လှူဒါန်းခဲ့ပြီး အဆိုပါထောက်ပံ့ပေးမှုကို လေးလအထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ မသန်စွမ်းသူဦးရေ ၂ သိန်းကျော်ရှိသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှု၊ မိုင်းထိမှန်မှုတို့ကြောင့်လည်း ရခိုင်တွင် မသန်စွမ်းသူဦးရေတိုးလာခဲ့ကြောင်း မသန်စွမ်းသူများအရေးဆောင်ရွက်နေသူများက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းမှာ မသန်စွမ်းများဖြစ်ကြပြီး ယင်းအထဲတွင် အကြားအာရုံမသန်စွမ်းသူမှာ ၆ သိန်း ၇ သောင်း ၃ ထောင်ကျော်ရှိကြောင်း ၂၀၁၄ သန်းခေါင်စာရင်းအရ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2155255047960228

Leave a Reply

Your email address will not be published.