စစ်တွေကမ်းခြေအနီး ငါးဖမ်းစက်လှေ ၄ စီးနစ်မြုပ်

By Narinjara/ 2021 October 3

ထက်အောင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အုန်းတောကြီး မူဆလင်ကျေးရွာ ပင်လယ်ကမ်းခြေအနီးတွင် ယနေ့နံနက်အစောပိုင်းက ငါးဖမ်းစက်လှေ ၄ စီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထိုငါးဖမ်းစက်လှေ ၄ စီးသည် ပေါက်တောမြို့နယ်၊ ဖဒူချေကျေးရွာမှ ဦးဇော်မင်းဌေး၊ ဦးမောင်ဆန်း၊ ဦးအောင်ခင်ချေနှင့် ဦးမောင်မောင်ဦးတို့၏စက်လှေများဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၃ ရက် နံနက် ၅ နာရီခန့်တွင် နစ်မြုပ်သွားခြင်းဖြစ်သည်ဟု သိရသည်။

ငါးဖမ်းပိုက်ဆွဲနေစဉ် လှိုင်းအလွန်ကြီးနေသည့်အတွက် နစ်မြုပ်သွားခြင်းဖြစ်သည်ဟုလည်း စက်လှေပိုင်ရှင်တစ်ဦး၏မိသားစုဝင် ဦးစိန်မောင်အေးက နိရဥ္စရာကို ပြောသည်။

“စက်လှေတစ်စီးမှာ လူနှစ်ယောက်စီပါပါတယ်။ စက်လှေမြုပ်တဲ့အခါမှာ နှစ်စီးကိုတော့ ပြန်ရတယ်။ ကျန်တဲ့ နှစ်စီးကတော့ ပျက်စီးသွားပါတယ်” ဟု ပြောသည်။

ယခုဖြစ်စဉ်ကြောင့် စက်လှေပေါ်ပါသူများ ထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်း စက်လှေပေါ်ရှိ ငါးဖမ်းပိုက်များနှင့် စက်များ ပျက်စီးသွားခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်း (၃၀) ကျော်ဖိုး ဆုံးရှုံးသွားကြောင်း သိရသည်။

စက်လှေ ၄ စီးအနက် သဲသောင်ပြင်အတွင်း နစ်မြုပ်ပျက်စီးသွားခဲ့သည့် စက်လှေနှစ်စီး၏အပျက်အစီးများကို အနီးနားရှိ အုန်းတောကြီးကျေးရွာမှ မူဆလင်အချို့ကိုငှားရမ်းကာ တူးဖော်ခဲ့ရကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4843348039010568

Leave a Reply

Your email address will not be published.