By Western News/ 2021 November 11
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲများ ဆက်ဖြစ်လာပါက အဆုံးအဖြတ်ပွဲဖြစ်လာနိုင်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကပြောသည်။
နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲနေသည့် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့သည် နိုဝင်ဘာ ၉ ရက်နှင့် ၁၁ ရက်နေ့တို့တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ ဝေလာတောင်အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်တပ်ဖက်မှ အကျအဆုံးများရှိခဲ့ကြောင်းသိရသည်။
စစ်တပ်နှင့် AA တို့ တိုက်ပွဲများဆက်ဖြစ်မည်ဆိုလျှင် အဆုံးအဖြတ်ပွဲဖြစ်လာနိုင်ကာ နှစ်ဖက်စလုံးအတွက်လည်း နစ်နာမှုများရှိလာနိုင်သည်ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက Western News ကိုပြောသည်။
“ပြည်သူတွေကလည်း စစ်ပွဲတွေကို မဖြစ်စေချင်ဘူး။ တစ်ဖက်ကလည်း နှစ်ဖက်တပ်တွေ ငြိမ်းငြိမ်းချမ်းချမ်းတည်ရှိနေတဲ့အတွက် နိုင်ငံရေးအရဆွေးနွေးမှုတွေကိုလည်း လမ်းပွင့်သွားစေနိုင်တာပေါ့၊ ဒါမှမဟုတ် စစ်တပ်နဲ့ AA တို့ နှစ်ဖက်ထိပ်တိုက်တွေ့တော့မယ် သူဖြတ် ကိုယ်ဖြတ်ရှင်းကြတော့မယ်ဆိုရင်တော့ ဒါက ပြည်သူတွေအတွက်မကောင်းဘူးပေါ့။ နှစ်ဖက်စလုံးလဲ ထိခိုက်အကျအဆုံးတွေရှိနိုင်တယ်။ ဒီတစ်ခါဖြစ်လာမယ့်ပွဲကတော့ တကယ့်ကို အဆုံးအဖြတ်ပွဲဖြစ်သွားလိမ့်မယ်။ ဘောလုံးသဘောအရ ပြောရရင်တော့ ရှုံးထွက်ပွဲဖြစ်သွားလိမ့်မယ်။ နှစ်ဖက်စလုံးမှာလဲ ပေးဆပ်ရမည့်နစ်နာမှုတွေရှိလာနိုင်တယ်” ဟုပြောသည်။
ယင်းအပြင် စစ်တပ်နှင့် AA တို့ ယခုရက်ပိုင်းအတွင်း၌ မောင်တောမြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများရှိနေသော်လည်း နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲမှုမှာ ပျက်ပြယ်သွားခြင်းမရှိသေးဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကပြောသည်။
“ပျက်ပြယ်သွားပြီလို့ ပြောလို့မရသေးဘူး။ ဘာလို့လဲဆိုတော့ အပေါ်မှာ လူကြီးချင်း ဆွေးနွေးညှိနှိုင်းပြီးတော့ လုပ်နေကြတာရှိတယ်။ အောက်ခြေမှာတော့ တပ်ရဲ့သဘာဝအရ အပြောင်းအရွှေ့တွေရှိမယ်။ စစ်ရေးလှုပ်ရှားမှုတွေရှိမယ်။ အဲဒီအပေါ်မှာ အထက်လူကြီးတွေက တိတိကျကျစည်းကမ်းမသတ်မှတ်နိုင်တဲ့အခါ ဒီလို ထိပ်တိုက်တွေ့မှုတွေတော့ရှိမှာဘဲ”ဟုပြောသည်။
ဆက်လက်၍လည်း အပစ်ခတ်ရပ်စဲမှုပျက်ပြယ်ခြင်း၊ မပျက်ပြယ်ခြင်းမှာ ယခုရက်ပိုင်းများအတွင်းဖြစ်ပွားသည့် တိုက်ပွဲများဖြင့်ဆုံးဖြတ်၍မရသော်လည်း တိုက်ပွဲဖြစ်ပွားမှုများပြားလာပါက နားလည်မှုဖြင့် နှစ်ဖက်အပစ်အခတ် ရပ်စဲမှုမှာ ပျက်ပြယ်သွားမည်ဟု ဦးဖေသန်းက ဆက်ပြောသည်။
ရခိုင်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ ပြင်းပြင်းထန်ထန်တိုက်ခဲ့ကြသည့် စစ်တပ်နှင့် AA တို့သည် ၂၀၂၀ ထွေထွေရွေးကောက်ပွဲအတိုင်ခင် ရုတ်တရက်ဆိုသလို တိုက်ပွဲများရပ်တန့်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲမှု တစ်နှစ်ပြည့်ချိန်တွင် ပြန်လည်တိုက်ပွဲဖြစ်ပွားကြခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/407867481019762