By Narinjara/ 2021 October 3
ထက်အောင်

ရခိုင်ပြည်နယ်တွင် စက်သုံးဆီဈေးနှုန်းများ တဖြည်းဖြည်း ကျဆင်းလာနေပြီဖြစ်သော်လည်း ခရီးသည်တင်ကားခများမှာ ဈေးမကျသေးကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ရခိုင်ပြည်နယ်တွင် စက်သုံးဆီတစ်လီတာလျှင် အမြင့်ဆုံးအဖြစ် ကျပ် ၂ ထောင်အထိ ထိုးတက်ခဲ့သည့်အတွက် ခရီးသည်တင်ကားခစျေးနှုန်းများကိုလည်း မြင့်တက်သွားခဲ့ခြင်းဖြစ်သည်။
ယနေ့ နိုဝင်ဘာလ ၃ ရက်တွင် စစ်တွေရှိ ကျော်ဇံဆီဆိုင်စာရင်းအရ အောက်တိန်း (92) တစ်လီတာလျှင် (၁,၄၅၇) ကျပ်၊ ဒီဇယ်တစ်လီတာလျှင် (၁,၄၂၉) ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် (၁,၅၃၀) နှင့် အောက်တိန်း (95) တစ်လီတာလျှင် (၁,၅၇၀) ကျပ်ဖြင့် ယခင်ကထက် စျေးနှုန်းများ ကျဆင်းလာနေကြောင်း သိရသည်။
ယင်းကဲ့သို့ စက်သုံးဆီစျေးနှုန်းများကျဆင်းနေသော်လည်း ကားခစျေးများမြင့်တက်နေဆဲဖြစ်သည့်အတွက် အခက်အခဲဖြစ်ရသည်ဟု ခရီးသည်များက ပြောသည်။
မြောက်ဦးမြို့နယ်မှ ခရီးသည်တစ်ဦးဖြစ်သည့် ဒေါ်မအောင်သာက “ခရီးသည်တွေနည်းရင် ကားသမားတွေက တစ်သောင်းခွဲတောင်းတယ်။ ခရီးသည်တွေက မပေးနိုင်။ အဲဒီလိုမျိုး အခက်အခဲဖြစ်တယ်” ဟု ပြောသည်။
ယခင်က စစ်တွေမှ ကျောက်တော်သို့ ခရီးသည်တစ်ဦးလျှင် ကျပ် ၈ ထောင်၊ စစ်တွေမှ မြောက်ဦးသို့ ကျပ် ၁ သောင်းရှိခဲ့ရာမှ စက်သုံးဆီစျေးတက်ပြီးနောက် စစ်တွေမှ ကျောက်တော်သို့ ခရီးသည်တစ်ဦးလျှင် ကျပ် ၁ သောင်းနှင့် စစ်တွေမှ မြောက်ဦးသို့ ကျပ် ၁ သောင်းခွဲအထိ ကောက်ခံနေခြင်းဖြစ်သည်။
စက်သုံးဆီဈေးနှုန်းများ မတည်ငြိမ်ဘဲဖြစ်နေသည့်အတွက် ယခုကဲ့သို့ စျေးနှုန်းတိုးမြှင့်ကောက်ယူနေရခြင်းဖြစ်သည်ဟု ပြောသည်။
စစ်တွေ-မြောက်ဦးပြေးဆွဲနေသည့်ကားသမား ကိုအေးမြင့်ကျော်က “ဆီဈေးတွေက မမှန်ဘူး။ ဈေးနှုန်းတွေ မြင့်လာတယ်။ ခရီးသည်တွေလည်း သိပ်မရဘူး။ တခါတလေ လူ(၅) ယောက်နဲ့လည်း ကားထွက်ခွာရတာ ရှိတယ်”ဟု ဆိုသည်။
ရခိုင်တွင် ကိုဗစ်တတိယလှိုင်းပြင်းထန်ခဲ့ချိန်က ခရီးသည်တင်ကားများအနေဖြင့် ကားတစ်စီးလျှင် လူ ၃ ဦးထက်ပိုမတင်ရဟု ကန့်သတ်ခံခဲ့ရသည့်အတွက် ကားခစျေးနှုန်းများကို တိုးမြှင့်ကောက်ခံခဲ့ရသည်။
နောက်ပိုင်းတွင် ကိုဗစ်ဖြစ်ပွားမှုနှုန်း လျော့ကျသွားသည့်အတွက် ကားခစျေးများကို ပုံမှန်အတိုင်း ကောက်ခံနေချိန်တွင် စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာ၍ ကားခစျေးနှုန်းများလည်း တဖန်မြင့်တက်နေရခြင်းဖြစ်သည်။
https://www.facebook.com/narinjara.info/posts/4843541442324561