ငါးဖမ်းပစ္စည်းများ စျေးမြင့်တက်နေမှုကြောင့် ရေလုပ်သားများအခက်ကြုံ

By Development Media Group (DMG)/ 2021 November 25

ငါးဖမ်းလုပ်ငန်းနှင့်ဆက်စပ်ပစ္စည်းများ စျေးမြင့်တက်နေမှုကြောင့် စားဝတ်နေရေးအခက်အခဲနှင့်ကြုံတွေ့နေရကြောင်း ရခိုင်ပြည်နယ်အတွင်းရှိ ရေလုပ်သားများကပြောဆိုကြသည်။

ယခင်က ဆွဲပစ်တစ်လက်ပြင်ဆင်ပါက ၃ သိန်းခန့်သာ ကုန်ကျသော်လည်း လက်ရှိတွင် ဆွဲပစ်တစ်လက်ကို ၅ သိန်းကျော်အထိ ကုန်ကျမှုရှိကြောင်း ကုလားတန်မြစ်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ဦးမောင်လှယဉ်က DMG သို့ပြောသည်။

“အရင်က ဆွဲပစ်တစ်လက်လုပ်မယ်ဆိုရင် ၃ သိန်းနီးပါးလောက်ပဲကုန်တယ်။ အခုလုပ်မယ်ဆိုရင် ၅ သိန်းကျော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပစ်အသားတစ်ပိသာကို ၈ ထောင်ပဲရှိတယ်။ အခု ၂၂၀၀၀ ဖြစ်သွားတယ်”ဟု ၄င်းကဆိုသည်။

ယင်းအပြင် ငါးစျေးမှာလည်းမကောင်းသဖြင့် အခက်အခဲနှင့်ရင်ဆိုင်ကြုံတွေ့နေရကြောင်း ရေလုပ်သားများကဆိုသည်။

ကုလားတန်မြစ်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ဦးအောင်တင်သိန်းကလည်း “ဒီဇယ်ဆီစျေးက တိုင်ကီတစ်ပီပါကို အရင်ကဆို ၁ သိန်းကျော်လောက်ပဲရှိတယ်။ အခုဆိုတစ်ပီပါကို သုံးသိန်းကျော်အထိ စျေးကထိုးတက်လာတယ်။ ပင်လယ်ထဲမှာ ငါးဖမ်းစရိတ်က အရင်ကနဲ့မတူတော့ဘူး။ ကုန်ကျစရိတ်ကပိုများလာတယ်။ ဒါပေမဲ့ ငါးစျေးကွက်တက်မလာဘူး။ ငါးဖမ်းရတာလည်း အရင်လိုငါးတွေများများမရတော့ဘူး”ဟု DMG သို့ပြောသည်။

မျောပိုက်များမှာလည်း ယခင်ထက်စျေးမြင့်တက်နေသည့်အတွက် ရေလုပ်သားများအတွက်အခက်အခဲရှိကြောင်း စစ်တွေမြို့ ကျေးတောပိုက်ဆိပ်ကျေးရွာမှ မျောပစ်ချနေသည့် ရေလုပ်သား ကိုလှတင့်ကပြောသည်။

“ပိုက်တွေက အရင်ကထက်စျေးတက်သွားတယ်။ အရင်နဲ့အခုဆိုရင် မျောပစ်တစ်လက်က ၅ ထောင်စျေးတက်သွားတယ်။ ငါးတွေကလည်းရှာမရတော့ စားဝတ်နေရေးအခက်အခဲရှိတာပေါ့” ဟု ၄င်းကဆိုသည်။

ယခင်က ကုန်ကျစရိတ်ကိုချန်ပြီး တစ်နေ့လျှင် ရေလုပ်သားတစ်ဦးကို ငွေ ၂ သောင်းကျပ် အသားတင်ကျန်ရှိသော်လည်း လက်ရှိမှာ တစ်ဦးအတွက် ငွေ ၅ ထောင်ကျပ်သာကျန်ရှိကြောင်း ရေလုပ်သားများက ပြောဆိုသည်။

https://www.facebook.com/dmgnewsagency/posts/2165307246955008

Leave a Reply

Your email address will not be published.