ဂွမြို့နယ်ရှိ စာသင်ကျောင်းများကို မနက်ဖြန် နိုဝင်ဘာ ၃၀ တွင် ပြန်လည်ဖွင့်လှစ်မည်

By Narinjara/ 2021 November 29

သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ စာသင်ကျောင်းများအားလုံးကို မနက်ဖြန် နိုဝင်ဘာ ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

ဂွမြို့နယ်တွင် ကိုဗစ်ကူးစက်သူဦးရေလျော့နည်းလာ၍ အခြေခံပညာစာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက်ရရှိပြီဟု ဂွမြို့နယ်ပညာရေးမှူး ဦးဇော်ထွန်းအောင်က နိရဥ္စရာကို အတည်ပြုပြောသည်။

“ကလေးတွေကို ကျောင်းဖွင့်ရမယ်ဆိုတော့ ဝမ်းသာပါတယ်။ အရမ်းလည်း ဖွင့်စေချင်တာပါ။ ရခိုင်တစ်ပြည်လုံးမှာ ဂွ မြို့နယ်က ကျောင်းတွေမဖွင့်ရသေးတော့ ဆရာကြီးအနေနဲ့ ကလေးတွေအတွက် ဝမ်းနည်းမိတယ်။ အခုပြန်ဖွင့်ပြီဆိုတော့ ဝမ်းသာပါတယ်”ဟုပြောသည်။

ကိုဗစ်ကြောင့် ၃ လခန့်ကြာပိတ်ထားရသော ရခိုင်အပါအဝင် နိုင်ငံတဝန်းရှိစာသင်ကျောင်းများကို နိုဝင်ဘာလ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

သို့ရာတွင် ဂွမြို့နယ်၌ ကိုဗစ်ဖြစ်ပွားမှုနှုန်းလျော့ကျခြင်းမရှိ၍ နိုဝင်ဘာ ၁ ရက်တွင် မြို့နယ်တွင်းရှိ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ဘဲ ချန်လှပ်ခဲ့ရခြင်းဖြစ်သည်။

ဂွမြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းစုစုပေါင်း (၁၄၀)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဂွမြို့နယ်သည် ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုအများဆုံးမြို့နယ်ဖြစ်သည့်အတွက် နံနက် ၅ နာရီမှ မွန်းတည့် ၁၂ နာရီအထိသာအပြင်ထွက်ကြရန် သြဂုတ် ၂၅ ရက်မှစတင်ကာ ဒေသန္တရအမိန့်ကို ထုတ်ပြန်ခံခဲ့ရသည်။

ယင်းနောက် ထုတ်ပြန်ထားသည့်ဒေသန္တရအမိန့်ကို စက်တင်ဘာ ၂၉ ရက်တွင် နံနက် ၄ နာရီမှ ညနေ ၂ နာရီအထိ အပြင်ထွက်ကြရန် လျှော့ပေါ့ ထုတ်ပြန်ခဲ့သည်။

ကိုဗစ်တတိယလှိုင်းအတွင်း ဂွမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်အထိ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁,၁၃၇ ဦးနှင့် သေဆုံးသူ ၃၇ ဦးရှိခဲ့ပြီး လက်ရှိတွင် ဆေးရုံ၌တက်ရောက်ကုသခံယူနေသူ ၁ ဦးသာရှိတော့ကြောင်း ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

https://www.facebook.com/narinjara.info/posts/4929510617060976

Leave a Reply

Your email address will not be published.