ဂွမြို့နယ်မှ အခြခံပညာသင်ကျောင်းများ ပြန်မဖွင့်နိုင်သေး၍ ကျောင်းသားများ ပညာရေးနစ်နာမှုရှိနေ

By Western News/ 2021 November 6

ဓာတ်ပုံစာ-ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့က ကျောင်းများပြန်လည်ဖွင့်စဥ် ကျောင်းပြန်တက်လာကြသည့် ကျောင်းသားများ

ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်ထဲမှ ဂွမြို့နယ်တစ်ခုတည်းတွင် အခြခံပညာသင်ကျောင်းများ ပြန်မဖွင့်နိုင် သေး၍ ကျောင်းသားများ ပညာရေးပိုင်းတွင် များစွာထိခိုက်မှုရှိနေသည်ဟု ဂွမြို့နယ်မှ ကျောင်းသားမိဘများကပြောသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကိုဗစ် ဒုတိယလှိုင်းဖြစ်ပွားမှုကြောင့် ရခိုင်ရှိအခြေခံပညာသင်ကျောင်းများကို သြ ဂုတ်လကတည်းက ပိတ်ထားခဲ့ရပြီး ကျောင်းသား၊ ကျောင်းသူများမှာ တစ်နှစ်ပတ်လုံး ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရသည်။

ယင်းသို့ပိတ်ထားရသည့် အခြေခံပညာသင်ကျောင်းများအားလုံးကို ယခုနှစ်၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ဇွန်လ ၁ ရက်နေ့တွင် ပြန်ဖွင့်ခဲ့သော်လည်း ကိုဗစ်ကြောင့် ဇွန်လဒုတိယအပတ်မှ စ၍ နိုဝင်ဘာလအထိ ယာယီပိတ်ထားခဲ့ ရပြန်သည်။

ယခုနှစ်ပညာသင်နှစ်အတွက် အခြေခံပညာသင်ကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့တွင်ပြန်ဖွင့်ခဲ့သော်လည်း ဂွ မြို့နယ်ကို ကိုဗစ်အခြေအနေကြောင့်ဆက်လက်ပိတ်ထားဆဲဖြစ်သည်။

တစ်ခြားမြို့နယ်တွင် ကျောင်းများပြန်ဖွင့်နေပြီး ဂွမြို့နယ်တစ်ခုတည်းတွင်သာ ကျောင်းမဖွင့်သည့် အတွက် မိမိတို့ သားသမီးများမှာ တစ်ခြားကျောင်းသား၊ ကျောင်းသူများထက်ပညာရေး နောက်ကျမည်ကိုစိုးရိမ်နေသည်ဟု ဂွမြို့နယ် ကင်းပုံကျေးရွာမှ ၁၀ တန်းကျောင်းသားတစ်ဦး၏ဖခင်ဖြစ်သူ ဦးထွန်းလှဖြူကပြောသည်။

“တစ်ခြားမြို့နယ်တွေမှာ ကျောင်းတက်နေကြပြီ။ ကျွန်တော်တို့ကလေးတွေကတော့ မတက်ရသေးဘူး။ ကျွန် တော့မှာ ၁၀တန်းသားလေးတစ်ဦးနဲ့ ၅တန်း သမီလေးရှိတယ်။ တစ်ခြားကလေးတွေ ကျောင်းတက်တော့သူတို့ လေးတွေလည်းကျောင်းတက်ချင်ကြတယ်။ ကျောင်းက အမြဲမတက်ရဘဲ နေနေရတော့ ပညာရေးနဲ့ ဝေးကွာသွား မှာလဲစိုးရိမ်ပါတယ်။ ၁၀တန်း တက်နေတဲ့ သားလေးအတွက်တော့ ပိုစိတ်ပူတယ်။ အရင်နှစ်ကလည်း တစ်နှစ် နောက်ကျပြီးပြီလေ” ဟုပြောသည်။

လက်ရှိတွင်ကျောင်းဖွင့်များထားသော်လည်း စာသင်ချိန်အနည်းငယ်သာ ကျန်ရှိတော့သည့်အတွက် ကျောင်းသား၊ ကျောင်း သူများအတွက်အဆင်မပြေနိုင်တော့ကြောင်း စာသင်ချိန်ကို အနည်းငယ်နောက်ဆုတ်ပြီး စနေ၊ တနင်္ဂနွေပိတ်ရက် များပါ သင်ပြပေးပါက ပိုအဆင်ပြေနိုင်မည်ဟု ဂွမြို့၊ မြို့မရပ်ကွက် သပြေလမ်းမှ ကျောင်းသားမိဘ တစ်ဦးဖြစ် သူ ဦးအောင်သူရစိုးကပြောသည်။

“သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာ ပညာသင်ရမယ်ဆိုရင် ဒီအချိန်တိုလေးအတွင်းမှာ လုံးဝမမှီနိုင်ဘူးလေ ။ အဓိကကတော့ ၉တန်း ၁၀ တန်းတွေပေါ့။ သင်ရိုးတွေကလည်း ပြောင်းတယ်။ သင်ပေးမယ့် ဆရာ/ဆရာမ တွေရဲ့ ကျွမ်းကျင်မှုနဲ့ သင်ယူတဲ့ ကလေးတွေကလည်း တစ်ယောက်နဲ့တစ်ယောက် ကွင်းဆက်က မမိသေးဘူး။ ဆိုတော့ ဒီလိုဖြစ်နေတဲ့အထဲမှာ အချိန်ကာလတိုတိုလေးပဲ စာသင်ရမယ်ဆိုရင် အတန်းတင်ပညာ ရေးစနစ်ပဲဖြစ်မယ် ။ ကလေးတွေလည်း ပညာတတ်တဲ့အဆင့်တော့ ရောက်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ပုံမှန် မတ်လ ထက် ၂ လ လောက်နောက်ဆုတ်ပြီး စနေ၊တနင်္ဂနွေနေ့ပါ စာသင်ပေးရင် ကလေးအတွက် အချိန်ပိုရတာပေါ့” ဟုပြောသည်။

ဂွမြို့နယ်တွင် စာသင်ကျောင်းများကို လက်ရှိပြန်မဖွင့်နိုင်သေးသော်လည်း ကျောင်းများကို အသင့်အနေအထား လုပ်ထားကာ မြန်မာနိုင်ငံ ကိုဗစ်ထိန်းချုပ်ရေးဗဟိုအဖွဲ့က ခွင့်ပြုချက်ရလျှင် ပြန်ဖွင့်မည်ဟုလည်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းက Western News ကို နိုင်ဝင်ဘာ ၃ ရက်နေ့က ဖြေဆိုခဲ့သည်။

ဂွမြို့နယ်မှာ ကိုဗစ်ပိုးတွေ့မှုအများဆုံးမြို့နယ် တစ်ခုဖြစ်ပြီး နိုဝင်ဘာ ၅ ရက်နေ့တွင်လည်း ကိုဗစ် လူနာ ၄ ဦးထပ်တိုးတွေ့ရကာ ဆေးကုသမှု ခံယူနေဆဲ ၁၅ ဦးဟုရှိသည်ဟု ပြည်နယ်ကောင်စီ၏ထုတ်ပြန် ချက်အရသိရသည်။

ရခိုင်တွင် အခြေခံပညာသင်ကျောင်းများကို ဂွမြို့နယ်မှ အပ ကျန်မြို့နယ်အားလုံးကို နိုဝင်ဘာ ၁ရက်နေ့က ပြန် လည်ဖွင့်လှစ်ထားပြီး ကျောင်းသားကျောင်းသူ ၅သိန်းကျော်တွင် ၃သိန်းကျော်တက်ရောက်နေကြပြီဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/404094504730393

Leave a Reply

Your email address will not be published.