ကျောမွဲဘဝကို တော်လှန်နေသူ (သို့မဟုတ်) လမ်းဘေးစျေးသည်

By Development Media Group (DMG)/ 2021 November 27

(ဆောင်းပါး)

ဆောင်းဦးဝင်စဖြစ်သောကြောင့် ညနေခင်းအချိန်သည် အေးစက်စက်ရှိလှသည်။ စစ်တွေမြို့ရှိ လမ်းမီးတိုင်များမှထွက်ပေါ်လာသည့်အလင်းရောင်ဖြင့် လူများသွားလာလှုပ်ရှားနေကြသည်။ စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ အခြေခံပညာမူ(လွန်)စာသင်ကျောင်းအနီးမှ လမ်းမီးတိုင်အောက်တွင် ထိုမီးတိုင်မှအလင်းရောင်ကိုအမှီပြုပြီး အမျိုးသမီးနှစ်ဦး စျေးရောင်းချလျက်ရှိနေသည်။

ထိုအမျိုးသမီးနှစ်ဦးမှာ စစ်တွေမြို့ ဒုံးတိုက်ကွင်းရပ်ကွက်တွင်နေထိုင်သည့် အသက်(၅၇)အရွယ် ဒေါ်ဦးသိန်းခင်နှင့် အသက်(၄၃)နှစ်အရွယ် ဒေါ်ရီရီဝင်းတို့ ညီအစ်မနှစ်ဦးဖြစ်ကြသည်။ တစ်ပေကျော်သာသာရှိသော သစ်သားစားပွဲခုံပေါ်တွင် မြေပဲလှော်များကို ပလက်စတစ်အိတ်ကလေးများဖြင့် အစီအရီထုတ်ကာ ရောင်းချနေခြင်းဖြစ်သည်။ ပလက်စတစ်ထိုင်ခုံငယ်ပေါ်ထိုင်ရင်း မြေပဲလှော်လာဝယ်မည့်သူများကို ဒေါ်ဦးသိန်းခင်တို့ညီအစ်မ ငေးမျှော်နေကြပေသည်။

ဒေါ်ဦးသိန်းခင်တို့ နေထိုင်ရာနေရာမှ စျေးရောင်းချသည့်နေရာသို့ ၁၃ မိနစ်မျှ ခြေလျင်လျှေက်ရသည်။ ညနေငါးနာရီထိုးသည်နှင့် မြေပဲလှော်များနှင့် သစ်သားခုံ၊ ပလက်စတစ်ထိုင်ခုံတို့ကိုဆွဲကာ ညီအစ်မနှစ်ဦး စျေးရောင်းထွက်ကြပြီး ညကိုးနာရီခန့်တွင် အိမ်ပြန်လေ့ရှိသည်။ ယခုကဲ့သို့ နွေ၊ မိုး၊ ဆောင်းရာသီဒဏ်ကိုခံရင်း စျေးရောင်းချလာသည်မှာ ၁၇ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

မိသားစုဝင်လေးဦးရှိရာတွင် ဒေါ်ဦးသိန်းခင် အသက်(၃၃)နှစ်အရွယ်၌ မိခင်ဖြစ်သူဒေါ်အေးခိုင် ကွယ်လွန်သွားခဲ့သည်။ လက်ရှိနာမကျန်းဖြစ်နေသော အသက်(၇၈)နှစ်အရွယ် ဖခင်ဖြစ်သူ ဦးမောင်စံကျော်ကို ပြုစုစောင့်ရှောက်ရင်း ညီအစ်မနှစ်ဦးမြေပဲလှော်ရောင်းပြီး စားဝတ်နေရေးကိုဖြေရှင်းနေခြင်းလည်းဖြစ်သည်။

“ဝမ်းရေးအတွက် ထမင်းစားသောက်နိုင်ဖို့အတွက် ရောင်းရတာပေါ့။ ယောင်္ကျားလုပ်အားလည်းမရှိဘူးဆိုတော့ ကိုယ်ကအိမ်ထောင်ဦးစီးလိုဖြစ်နေတယ်။ အဖေအိုတစ်ယောက်နဲ့ လုပ်ကျွေးမယ့်လူမရှိတော့ ကိုယ်ကပဲဦးဆောင်လို့လုပ်ရတယ်”ဟု ဒေါ်ဦးသိန်းခင်က ပြောပြသည်။

ဖခင်ဖြစ်သူကျန်းမာရေးကောင်းစဉ်က မိသားစုစားဝတ်နေရေးအတွက် လွယ်ကူစွာရုန်းကန်နိုင်ခဲ့သော်လည်း ဖခင်ကျန်းမာရေးချို့တဲ့လာချိန်မှစ၍ စားဝတ်နေရေးအတွက် ဒေါ်ဦးသိန်းခင်တို့ညီအစ်မနှစ်ဦး စျေးရောင်းချရင်းရုန်းကန်ဖြေရှင်းလာခဲ့ခြင်းလည်းဖြစ်ပေသည်။ ညီအစ်မနှစ်ဦးလုံးမှာ လက်ရှိအချိန်ထိ အိမ်ထောင်မပြုကြသေးဘဲ ဖခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ရင်း ဘဝကိုရှေ့ဆက်နေကြသည်။

“အိမ်ထောင်ပြုဖို့ စိတ်မပါလို့ပြောရမှာပေါ့။ ကိုယ်သာ အိမ်ထောင်ပြုချင်တဲ့စိတ်မရှိဘူးလားဆိုရင် ညီမလည်း အိမ်ထောင်ပြုချင်စိတ်မရှိဘူး။ ဒီလိုနဲ့ပဲ ညီအစ်မနှစ်ယောက် လုပ်စားနေကြတယ်”ဟု ဒေါ်ဦးသိန်းခင်က ညီမဖြစ်သူဘက်ကိုလှည့်ကြည့်ရင်း ပြုံးရယ်စွာပြောလိုက်သည်။

စင်စစ်မှာမူ ဒေါ်ဦးသိန်းခင်တို့မိသားစုမှာ စစ်တွေမြို့ဇာတိ မဟုတ်ကြပေ။ မြောက်ဦးမြို့နယ်၊ နတ်ချောင်းကျေးရွာ ဇာတိများဖြစ်ကြသည်။ အကြောင်းအမျိုးမျိုးကြောင့် စစ်တွေမြို့တွင် ပြောင်းရွှေ့အခြေချနေထိုင်လာခဲ့သည်မှာ နှစ်ပေါင်း (၃၈)နှစ်မျှရှိခဲ့လေပြီ။

စစ်တွေမြို့သို့ စတင်ပြောင်းရွှေ့လာစဉ်ကတည်းက လက်လုပ်လက်စားမိသားစုဘဝဖြစ်သဖြင့် ဒေါ်ဦးသိန်းခင်တို့ ညီအစ်မနှစ်ဦးမှာ စတုတ္ထတန်းအထိသာ ပညာသင်ကြားခွင့်ရရှိခဲ့ကြသည်။ ကျောင်းထွက်ပြီးနောက် မိသားစုကို တစ်ဖက်တစ်လမ်းကကူညီပေးရန် ဒေါ်ဦးသိန်းခင်မှာ ကုန်စုံဆိုင်များ၌ အရောင်းဝန်ထမ်းလည်းလုပ်ခဲ့သည်။ အသက်(၃၀)အရွယ်တွင် ကိုယ်ပိုင်လုပ်ငန်းအဖြစ် ဟင်းသီးဟင်းရွက်များကို အခြားသူများဆီမှဝယ်ယူပြီး စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်တွင် တစ်ဆင့်ပြန်ရောင်းချခဲ့သည်။

ဟင်းသီးဟင်းရွက်ရောင်းသည့်အလုပ်မှ အမြတ်ငွေများဖြင့် မိသားစုဝမ်း‌ရေး၊ နေအိမ်ပြုပြင်နိုင်သည်အထိရှိခဲ့သော်ငြားလည်း နောင်အခါတွင် ဟင်းသီးဟင်းရွက်များရောင်းမကုန်သဖြင့် အရှုံးပေါ်သွားခဲ့ရပြန်သည်။

“အရင်းစိုက်ပြီး ဝယ်ရောင်းတာတွေက မစွန်လိုက်ဘူးဆိုရင် အဲဒါတွေကို စျေးလျော့ပြီးရောင်းပေးရတယ်။ နောက်ပုပ်သိုးသွားတာတွေရှိတယ်။ အကုန်လုံးစွန့်ပစ်လိုက်ရတယ်။ နောက်ထပ် အရင်းစိုက်ပြီးဝယ်ရတယ်။ မစွန်ဘူး အဲဒီလိုနဲ့အရှုံးပေါ်သွားတာ” ဟု ဒေါ်ဦးသိန်းခင်က ဟင်းသီးဟင်းရွက်ရောင်းချခဲ့ရပုံကို ပြောပြသည်။

ဟင်းသီးဟင်းရွက်ရောင်း၍အရှုံးပေါ်ခဲ့သည်မှာ မိသားစုတစ်ခုလုံး အစားအသောက်ကို လျော့စားခဲ့ရသည်အထိဖြစ်ခဲ့ရကာ နောင်အခါ ငွေကြေးအရင်းမရှိတော့၍ ဟင်းသီးဟင်းရွက်ရောင်းချသည့်အလုပ်ကို စွန့်လွှတ်ခဲ့ရသည်။

“အရင် ဆန်နှစ်ဗူးစားနေတာကနေ ဆန်တစ်ဗူးထိ လျော့စားခဲ့ရတယ်။ ထမင်းတစ်နပ်စာလည်း အမြတ်မရဘူး။ ဆီ၊ ဆား တစ်ထုပ်လောက်ဝယ်ဖို့အတွက်လည်း အမြတ်ငွေမရဘူး”ဟု မိသားစုထမင်းနပ်မမှန်ခဲ့သည်များကို ဒေါ်ဦးသိန်းခင်က ပြန်ပြောင်းပြောပြသည်။

ငွေကြေးအရင်းအနှီးနည်းမည့် နောက်ထပ်အလုပ်တစ်ခုကို စဉ်းစားကြံဖန်ရာမှ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ ပြည်လုံးချမ်းသာဘုရားကြီးလမ်းတစ်လျှောက်တွင် ကောက်ညှင်းထုပ်၊ မြေပဲလှော်များကို ရောင်းချရန်အစပြုလာခြင်းဖြစ်ပေသည်။ မြေပဲလှော်ရောင်းသည့်အလုပ်မှာ အဆင်ပြေသဖြင့် ဆက်လက်ရောင်းချရန် ဆုံးဖြတ်ဖြစ်ခဲ့လေသည်။

ညနေပိုင်းအချိန်တွင် ဘုရားဖူးသူများနှင့် လူသွားလူလာစည်ကားတတ်သည့် စစ်တွေမြို့၊ ပြည်လုံးချမ်းသာဘုရားကြီးအနီးတဝိုက်တွင် ဒေါ်ဦးသိန်းခင်တို့ညီအစ်မကဲ့သို့ အမျိုးအမည်မတူသည့် မုန့်ပဲသရေစာများ ရောင်းချနေသော စျေးသည်အများအပြားရှိပေသည်။ ဒေါ်ဦးသိန်းခင်တို့ညီအစ်မမှာ ဘုရားကြီးအနီးတဝိုက်တွင် ဟိုနေရာမှ သည်နေရာသို့လည်းကောင်း၊ လမ်းဘယ်ဘက်မှ ညာဘက်သို့လည်းကောင်း၊ အခြေခံပညာမူ(လွန်)စာသင်ကျောင်းအနီးသို့လည်းကောင်း လှည့်ပတ်နေရာချကာ မြေပဲလှော်များကို ရောင်းချလျက်ရှိနေသည်။

ကိုယ်ပိုင်မီးအလင်းရောင်ကို မသုံးစွဲနိုင်သည့်သူများအဖို့ လမ်းဘေးလျှပ်စစ်မီးတိုင်၏အလင်းရောင်းကိုရရှိနိုင်ရန် ထိုသို့နေရာပြောင်းရွှေ့ရောင်းချနေခြင်းလည်း ဖြစ်ပေသည်။

“မီးမရှိရင် မြေပဲလှော်တွေ ရောင်းစားလို့မရဘူး။ မှောင်မှောင်မဲမဲနဲ့ရောင်းစားလို့မှ အဆင်မပြေတာ။ လျှပ်စစ်မီးတိုင်တွေက အလင်းရောင်ရတဲ့ ဒီနေရာလေးမှာရောင်းနေတာ”ဟု နေရာပြောင်းရွှေ့ရောင်းချပုံကို ဒေါ်ဦးသိန်းခင်က ပြောပြသည်။

လက်ရှိမြေပဲစိမ်းသုံးပိဿကို ငွေကျပ်(၂၁၀၀)ကျပ်နဲ့ စစ်တွေမြို့မစျေးကြီးမှဝယ်ယူရပြီး နေအိမ်၌ ကိုယ်တိုင်လှော်ကာ မြေပဲလှော်ရောင်းချနေခြင်းဖြစ်ပေသည်။ မြေပဲစိမ်းသုံးပိဿလျှင် မြေပဲလှော်နို့စည်ဗူး (၆၀)ဗူးခန့်ရရှိသည်။ နို့စည်ဗူးတစ်ဗူးစာမြေပဲလှော်တစ်ထုပ်ကို ငွေ(၅၀၀)ကျပ်ဖြင့်ရောင်းချပြီး တစ်နေ့လျှင် မြေပဲလှော်အထုပ် (၂၀)ခန့်ရောင်းချရကြောင်းပြောသည်။ သို့သော် ပုံမှန်ရောင်းချရခြင်း‌တော့ မဟုတ်ပေ။ ဝယ်ယူသူများအပေါ်မူတည်၍ မြေပဲလှော်ရောင်းအား အတက်အကျရှိပေသည်။

“ပုံမှန်မှ မရောင်းရတာ။ တစ်နေ့မှာ နှစ်ထောင်ရတဲ့နေ့ရတယ်။ တစ်ထောင်တည်းရပြီး ပြန်လာရတဲ့အခါလည်း ရှိတယ်။ တဗူးတည်းရောင်းရလို့ လာတဲ့အခါလည်း ပြန်လာရတယ်”ဟု ဒေါ်ဦးသိန်းခင်က မြေပဲလှော်ရောင်းချသည့် အခြေအနေကိုပြောပြသည်။

မြေပဲလှော်အထုပ် (၂၀)ရောင်းမှ ငွေတစ်သောင်းကျပ်ရရှိမည်ဖြစ်ပြီး ဒေါ်ဦးသိန်းခင်တို့မှာ ထို‌ရောင်းအားသို့ မရောက်ရှိသေးပေ။ အများဆုံးရောင်းရသည့်နေ့မှာ ငွေခြောက်ထောင်မျှသာရရှိသေးသည်။ သို့သော် ထိုရောင်းရအမြတ်ငွေများထဲမှ တချို့ကိုစားပြီး တချို့ကိုစုသည်။ တစ်လလျှင် တစ်ကြိမ်(သို့)နှစ်ကြိမ်မျှ ဆွမ်းကပ်အလှူဒါနကိုလည်း ပြုလုပ်သည်။

“ငါးထောင်ရတယ်ဆိုရင် သုံးထောင်စားတယ်။ နှစ်ထောင်လောက်ကို စုထားတယ်”ဟု ဒေါ်ဦးသိန်းခင်ကဆိုသည်။

ဒေါ်ဦးသိန်းခင်တို့မိသားစု၏ စားဝတ်နေရေးကို အကြီးမားဆုံးအခက်တွေ့စေသည်မှာ မိုးရာသီပင်ဖြစ်ပေသည်။ စိုစွတ်သောမိုးတွင်းကာလတွင် မိုးသက်လေပြင်းများကြားထဲ မြေပဲလှော်ရောင်းချသည်မှာ ရောင်းမကောင်းလှပေ။ ထိုအချိန်များတွင် စားဝတ်နေ‌ရေးအတွက် စုထားသည့်ငွေများထဲမှ ထုတ်ယူသုံးစွဲရလေသည်။

“မိုးရာသီတွေမှာ မိုးကြီးလေကြီးနဲ့ဆိုရင် ရောင်းလို့မရဘူး။ အဲဒီလိုဆိုရင် စုထားတဲငွေလေးတွေထဲကထုတ်ပြီး စားရတယ်။ နွေရာသီမှာတော့ ပုံမှန်ရောင်းရတယ်”ဟု ဒေါ်ဦးသိန်းခင်က ပြောပြသည်။

ဒေါ်ဦးသိန်းခင်တို့မိသားစုသုံးဦး၏ တစ်နေ့တာစားဝတ်နေရေးအသုံးစရိတ်မှာ အနည်းဆုံး ငါးထောင်ကျပ်မျှရှိသည်။ သို့ကြောင့် မြေပဲလှော်တွေရောင်း၍ အဆင်မပြေတဲ့နေ့များတွင် စုထားသောငွေများထဲမှ ပဲ့ပါသွားတတ်သည်။

အဆိုးဆုံးအခြေအနေဟုဆိုရမည်မှာ လူတန်းစားမရွေးရိုက်ခတ်ခဲ့သော ကိုဗစ်တတိယလှိုင်းကာလပင်ဖြစ်ပေသည်။ ထိုကာလသည် အခြားသူများအဖို့ အဘယ်သို့ရှိမည်မသိ။ တဟုန်တိုးကြီးထွားလာသောကုန်စျေးနှုန်းကို ဒေါ်ဦးသိန်းခင်တို့ညီအစ်မနှစ်ဦး ထမ်း၍မနိုင်ဖြစ်ခဲ့ရသည်။ လက်ရှိ ကိုဗစ်ထွက်ခွာစပြုနေပြီဖြစ်သော်လည်း ကုန်စျေးနှုန်းများမှာမူ အပေါ်သို့မော့ကြည့်နေရတုန်းပင်ဖြစ်သည်။

အသက်အရွယ်(၅၇)နှစ်သို့ရောက်ရှိလာသော ဒေါ်ဦးသိန်းခင်မှာ မြေပဲလှော်ရောင်းသည့်အလုပ်ကို ဆက်လက်လုပ်ကိုင်သွားရန် စိတ်ပိုင်းဖြတ်ထားသည်။ မြေပဲလှော်ရောင်း၍ရရှိသည့်ဝင်ငွေမှာ မိသားစုစားဝတ်နေရေးကို ဖူလှုံမှုမပေးနိုင်သော်လည်း တစ်နေ့တာဝမ်းရေးအတွက် အဆင်ပြေမှုပေးသည်ဟု ဒေါ်ဦးသိန်းခင်ကဆိုသည်။

“ကျန်းကျန်းမာမာနဲ့ ဒီအလုပ်(မြေပဲလှော်ရောင်းတဲ့အလုပ်)ကိုလုပ်လို့ အဆင်ပြေနေရင် ဒီအလုပ်ပဲလုပ်သွားမယ်”

ယခုကဲ့သို့ ဆောင်းရာသီ၏ အအေးဓာတ်ကိုလည်းကောင်း၊ နွေရာသီ၏ အပူဒဏ်ကိုလည်းကောင်း၊ မိုးရာသီ၏ စိုစွတ်ဒဏ်တို့ကိုရင်ဆိုင်ရင်း စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ လမ်းမီးတိုင်အောက်တွင် ဒေါ်ဦးသိန်းခင်တို့ညီအစ်မနှစ်ဦး ညနေတိုင်းကို အတူတူကျော်ဖြတ်နေကြရအုံးမည် ဖြစ်ပေသည်။

မင်းထွန်း ရေးသားသည်။

https://www.facebook.com/dmgnewsagency/posts/2166853373467062

Leave a Reply

Your email address will not be published.