ကိုဗစ်ပိုးတွေ့သူအရေအတွက်ကျဆင်းနေ၍ ဂွမြို့နယ်က အခြေခံပညာသင်ကျောင်းများ ဒီဇင်ဘာလတွင် ပြန်ဖွင့်နိုင်ရေးမျှော်လင့်

By Narinjara/ 2021 November 24

သဥ္ဇာနွယ်

ကိုဗစ်ပိုးတွေ့ရှိသူ အရေအတွက် တစ်နေ့ထက် တစ်နေ့ ကျဆင်းလာနေသော ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အခြေခံပညာကျောင်းများကို ဒီဇင်ဘာလတွင် ပြန်လည် ဖွင့်လှစ်ခွင့်ရရှိရေးအတွက် မျှော်လင့်နေသည်ဟု ဂွမြို့နယ် ပညာရေးမှူး ဦးဇော်ထွန်းအောင်က နိရဥ္စရာကိုပြောသည်။

“ကျန်းမာရေးသတ်မှတ်ချက်အရ ကျန်ခဲ့တဲ့ကာလ ၂၈ ရက်အတွင်း ကိုဗစ်ကူးစက်နှုန်းကိုသုံးသပ်တယ်။ ၅ ရာခိုင်နှုန်းအောက်ရောက်ရင် ဖွင့်မယ်။ မရောက်ရင် မဖွင့်ဘူး။ အရင်ကတည်းက သိထားပါတယ်။ ဒါပေမယ့် ကလေးတွေပညာရေးအတွက် လာမယ့် ဒီဇင်ဘာလလောက်မှာဆိုရင်တော့ ဖွင့်နိုင်ရင် ကောင်းမယ်ဆိုပြီး မျှော်လင့်နေပါတယ်”ဟု ပြောသည်။

ဂွမြို့နယ်တွင် လွန်ခဲ့သည့် နိုဝင်ဘာ ၁၉ ရက်မှ ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်နေ့ အထိ (၅) ရက် ကာလအတွင်း နိုဝင်ဘာ ၂၂ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသူ တစ်ဦးသာရှိခဲ့ပြီး ကိုဗစ်ကြောင့် သေဆုံးသူမှာ ယင်း ၅ ရက်အတွင်း တစ်ဦးတစ်ယောက်မှ မရှိကြောင်း ရခိုင်ပြည်နယ်အစိုးရ ထုတ်ပြန်သည့် ကိုဗစ်စာရင်းအရ သိရသည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်တွင် ကျန်မြို့နယ်များတွင် အခြေခံပညာ သင်ကျောင်းများကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သော်လည်း ကိုဗစ်ဖြစ်ပွားမှု များခဲ့သည့် ဂွမြို့နယ် တစ်ခုတည်းသာ မဖွင့်နိုင်ဘဲ ကျန်ခဲ့သည်ဟု သိရသည်။

ဂွမြို့နယ်၊ မကျည်းငူကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးသန်းဖေက “ကျောင်းအမြန်ဖွင့်ရင်တော့ ပိုကောင်းတာပေါ့။ သားသမီးတွေကို ကျောင်းဖွင့်ရင် စာနောက်မကျရအောင် ကျူရှင်တော့ ထားထားပါတယ်။ ဆယ်တန်းဆိုတော့ စာမေးပွဲဖြေရင် စာတွေကိုရနေဖို့လိုတယ်”ဟုပြောသည်။

ဂွမြို့နယ်သည် ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ကိုဗစ် ကူးစက်မှုအများဆုံး မြို့နယ်တစ်ခုဖြစ်သဖြင့် နံနက် ၅ နာရီမှ မွန်းတည့် ၁၂ နာရီအထိသာ အပြင်ထွက်ကြရန် သြဂုတ် ၂၅ ရက်မှစတင်ကာ ဒေသန္တရအမိန့်ကိုထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂၉ ရက်တွင် ဒေသန္တရအမိန့်ကို နံနက် ၄ နာရီမှ ညနေ ၂ နာရီအထိသာအပြင်ထွက်ကြရန် အချိန်လျှော့ပေါ့၍ ထုတ်ပြန်ပေးခဲ့သည်။

ဂွမြို့နယ်တွင် လက်ရှိ နိုဝင်ဘာ ၂၃ ရက်နေ့အထိ ၁၁၃၇ ဦးနှင့် သေဆုံးသူ ၃၇ ဦးထိရှိနေပြီး လက်ရှိ ဆေးရုံတွင် ကုသနေရသည့် ကိုဗစ်လူနာ ၃ ဦး သာရှိသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4910995228912515

Leave a Reply

Your email address will not be published.