ကိုဗစ်ကြောင့်သေဆုံးခဲ့သည့်ကိုယ်ဝန်သည်နှင့်အတူ ကိုဗစ်ပိုးတွေ့ရှိသူမိသားစုဝင် ၄ ဦး ကျန်းမာရေးအခြေအနေကောင်းမွန်

By Narinjara/ 2021 October 3

မြထွီးသျှင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ကိုဗစ်ကြောင့်သေဆုံးသွားခဲ့သည့် ကိုယ်ဝန်သည်နှင့်အတူ ကိုဗစ်ပိုးတွေ့ရှိခဲ့သည့်မိသားစုဝင် ၄ ဦးသည် လက်ရှိတွင် ကျန်းမာရေး ကောင်းမွန်နေသည်ဟု သိရသည်။

သေဆုံးသွားသွားသည့်ကိုယ်ဝန်သည်မှာ ဘူးသီးတောင်မြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စုမှ အသက် ၃၁ နှစ်အရွယ် ကိုယ်ဝန် ၇ လလွယ်ထားရသူဖြစ်သည်။

သူမသည် ရောဂါအခံမရှိဘဲ ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်ရောဂါကို နှစ်ရက်ကြာကုသမှုခံယူပြီးနောက် အောက်တိုဘာလ ၃၁ ရက်တွင် သေဆုံးသွားခြင်းဖြစ်သည်ဟု မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းက နိရဥ္စရာသို့ ပြောသည်။

“သူကတော့ ဖျားနေတာ ၁၀ ရက်လောက်ရှိနေပြီ။ ချောင်းဆိုးနေတာကတော့ ၁၅ ရက်လောက်ရှိပြီတဲ့။

ကျနော်တို့ဆီကို ရောက်လာတဲ့အချိန်မှာတော့ အသက်ရှူကျပ်ပြီးရောက်လာတာ။ နှစ်ရက်လောက်ဆေးကုသပြီး နောက်တစ်နေ့မနက်မှာ သေဆုံးသွားတာဖြစ်တယ်”ဟု ပြောသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်အတူ သူမ၏မိသားစုဝင် ၄ ဦးတွင်လည်း ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ဘူးသီးတောင်ဆေးရုံတွင် တက်ရောက်ကုသခံယူလျက်ရှိကာ ကျန်းမာရေးအခြေအနေကောင်းမွန်နေကြသည်ဟု သူက ဆက်ပြောသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ကိုယ်ဝန်ဆောင် ၅ ဦးရှိသွားပြီဟု သိရသည်။

၎င်းတို့မှာ စက်တင်ဘာလ ၇ ရက်ကလည်း ဂွမြို့နယ်ဆေးရုံကြီးတွင် အသက် ၂၇ နှစ်အရွယ် ကိုယ်ဝန်(၇)လ အမျိူးသမီး ၁ ဦး၊ ဇူလိုင်လ ၂၉ ရက်နေ့က မောင်တောဆေးရုံတွင် ကလေးမီးဖွားပြီးနောက် နာရီပိုင်းအတွင်းသေဆုံးခဲ့သူ ၁ ဦး၊ ဇူလိုင်လ (၂၈) ရက်နေ့က စစ်တွေ ဆေးရုံကြီးတွင် ပေါက်တောမြို့ဇာတိ ကိုယ်ဝန်(၈)လနှင့် မိခင်တစ်ဦးနှင့် ဇူလိုင်လ ၂၅ ရက်နေ့ မင်းပြားမြို့ဆေးရုံကြီးတွင် အသက်(၂၈)နှစ် အရွယ် ကိုယ်ဝန်(၅)လနှင့် တစ်ဦးတို့ဖြစ်ကြသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားခဲ့သည့် မေလ ၁၂ ရက်မှစ၍ နိုဝင်ဘာလ ၁ ရက်အထိ ကိုဗစ်ပိုးတွေ့သူ ၅၁၀၄ ဦး၊ သေဆုံးသူ ၄၉၃ ဦးနှင့် ဆေးရုံတွင်ကုသဆဲလူနာ ၄၄ ဦး ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

https://www.facebook.com/narinjara.info/posts/4843751145636924

Leave a Reply

Your email address will not be published.