ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရသည့် ဂွမြို့နယ်ရှိ စာသင်ကျောင်းများကို ယနေ့ ပြန်လည်ဖွင့်

By Narinjara/ 2021 November 30

သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ အခြေခံပညာရေးကျောင်းများကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။

ဂွမြို့နယ်တွင် ကိုဗစ်ကူးစက်သူဦးရေလျော့နည်းလာ၍ အခြေခံပညာစာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် ပြည်နယ်ကောင်စီထံမှ ခွင့်ပြုချက်ရရှိပြီဖြစ်သည့်အတွက် ယနေ့ နိုဝင်ဘာလ ၃ဝ ရက်တွင် ပြန်လည်ဖွင့်လှစ်နေပြီဟု ဂွမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဂွမြို့နယ် ဒုတိယပညာရေးမှူး ဦးသန်းနိုင်က “ကလေးတွေကို ကျောင်းဒီနေ့ပြန်ဖွင့်ပါပြီ။ ဆရာကြီးတို့ ဝမ်းသာတယ်။ ကျောင်းတွေက သတ်မှတ်ထားတဲ့အချိန်တိုင်းပဲဆက်ဖွင့်သွားမှာပါ”ဟု ပြောသည်။

ဂွမြို့နယ်တွင် အခြေခံပညာရေးကျောင်း ၁၄ဝ ရှိပြီး ကျောင်းသား၊ ကျောင်းသူဦးရေ ၅,၈၃၆ ဦးရှိသည်ဟု သိရသည်။

ဂွမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးမောင်မောင်လေးက “ကလေးတွေ ကျောင်းမဖွင့်သေးရင် ဂိမ်းဆော့လိုက်၊ ဟိုသွားလိုက်၊ ဒီသွားလိုက် လုပ်နေကြတယ်။ ကျောင်းဖွင့်တော့ စိတ်ချမ်းသာတယ်”ဟုပြောသည်။

ကိုဗစ်ကြောင့် ၃ လခန့်ကြာပိတ်ထားရသော ရခိုင်အပါအဝင် နိုင်ငံတဝန်းရှိစာသင်ကျောင်းများကို နိုဝင်ဘာလ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

သို့ရာတွင် ရခိုင်ပြည်နယ်အတွင်း ဂွမြို့နယ်တစ်ခုတည်း၌ ကိုဗစ်ဖြစ်ပွားမှုနှုန်းလျော့ကျခြင်းမရှိ၍ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ဘဲ ချန်လှပ်ခဲ့ရခြင်းဖြစ်သည်။

ယခုပြန်လည်ဖွင့်လှစ်နိုင်လိုက်ပြီဖြစ်သော်လည်း အခြားမြို့နယ်များထက် စာသင်ချိန် ၁ လနောက်ကျခဲ့ရခြင်းအပေါ် အစားထိုးကာ အချိန်ပိုသင်ကြားပေးမည့်အစီအစဉ်များကိုမူ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတို့ဆွေးနွေးမှုများပြုလုပ်နေကြဆဲဖြစ်သည့်အတွက် လောလောဆယ်မသိရသေးသည်ဟု ဂွမြို့နယ် ဒုတိယပညာရေးမှူး ဦးသန်းနိုင်က ဆိုသည်။

ကိုဗစ်တတိယလှိုင်းအတွင်း ဂွမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်အထိ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁,၁၃၇ ဦးနှင့် သေဆုံးသူ ၃၇ ဦးရှိခဲ့ပြီး လက်ရှိတွင် ဆေးရုံ၌တက်ရောက်ကုသခံယူနေသူ ၁ ဦးသာရှိတော့ကြောင်း ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

လက်ရှိအချိန်အထိ ဂွမြို့နယ်အတွင်း နံနက် ၄ နာရီမှ ညနေ ၂ နာရီအထိ အပြင်ထွက်ကြရန် ဒေသန္တရအမိန့်ကိုထုတ်ပြန်ထားရဆဲဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4931126773566027

Leave a Reply

Your email address will not be published.