ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးထားသည့်ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူ စက်လှေသမား ၉ ဦးတွင် ကိုဗစ်တွေ့၊ ကျန်းမာရေးကောင်းမွန်ဟုသိရ

By Western News/ 2021 November 30

တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်သွယ်၍ပြန်လာသည့် စက်လှေသမား ၉ ဦးတွင် နိုဝင်ဘာ ၃၀ ရက်နေ့က ကိုဗစ် စစ်ဆေးရာရာ ပိုးတွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။

စစ်တွေမြို့ရှိ ရွှေမင်းဂံ ကုန်သွယ်ရေးစခန်း၌ ကွာရင်းတင်းဝင်နေသည့် အသက် ၂၂ နှစ်နှင့် ၅၅နှစ်ကြား စက်လှေသမား ၉ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါစက်လှေသမားများမှာ ကိုဗစ်ကာကွယ်ဆေး ၂ကြိမ်ထိုးနှံထားပြီးဖြစ်ကာ ရန်ကုန်မှလာ၍ရွှေမင်းဂံကုန်သွယ်ရေးစခန်းမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုလုပ်၍အပြန်ရွှေမင်းဂံကုန်သွယ်ရေးစခန်းတွင် ကွာရင်းတင်း ၁၀ ရက်ဝင်နေကြခြင်းဖြစ်သည်။

ကွာရင်းတင်း ဝင်ခိုင်းထားရမှ ၇ ရက် မြောက်​နေ့တွင် ကျန်းမာရေးဌာနက လာရောက် စစ်ဆေးသည့် အခါစက်လှေ ၁ စီးမှ လှေသမား ၉ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စက်လှေသမား ၉ ဦးကို စစ်တွေဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားပြီး လက်ရှိတွင် ၎င်းတို့အား လုံး ကျန်းမာရေး အခြေအနေကောင်းမွန်ကြသည်ဟု ရွှေမင်းဂံ ကုန်သွယ်ရေးစခန်း အတွင်းရေးမှူး ဦးအောင်အောင်ကပြောသည်။

“သူတို့က ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသားပါ။ ရန်ကုန်ကနေလာပြီး ဒီကတစ်ဆင့် ဘင်္ဂလားဖက်ကို ကုန်သွယ်သွားကြတာ။ အဲ့ဒီမှာလည်း ကမ်းပေါ်မတက်ခဲ့ကြပါဘူး။ ဒီကနေ ကတည်းက ကူးတာဖြစ်နိုင်ပါတယ်။ ဒီဖက်ကသွားရင်တော့ ကိုဗစ် ၂ကြိမ်ထိုးပြီးသားဆိုရင် ကိုဗစ်မစစ်တော့ဘူး။ အဲ့ဖက်က ပြန်လာရင်တော့ ကွာရင်းတင်း ၁၀ ရက်ထားတယ်။ ၇ ရက်လောက် ကွာရင်းတင်းဝင်းဝင်နေရင်း မနေ့က ကျန်းမာရေးဌာနက လာစစ်တော့ ကိုဗစ်တွေ့တာ။ ကျန်းမာရေးတွေက အကုန်ကောင်းကြတယ်။ စားလည်းဝင်ကြတယ်။ အနံ့လည်းရကြတယ်”ဟုပြောသ ည်။

လက်ရှိတွင် အဆိုပါ ကုန်သွယ်ရေး စခန်း၌ ကိုဗစ်ကာကွယ်ဆေး ၂ကြိမ်ထိုးပြီးသော်လည်း အသွားရော အပြန်ပါ ကိုဗစ်ပိုး စစ်ဆေးသွားမည်ဟုလည်း ၎င်းကဆက် ပြောသည်။

ယင်းပြင် နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း စစ်တွေမှ လေယာဉ်ဖြင့် ခရီးသွားမယ့်သူ ၂ ဦးတွင်လည်း ကိုဗစ်ပိုး တွေ့ရှိခဲ့ပြီး တစ်ရက်တည်းတွင် စစ်တွေတွင် ကိုဗစ်ပိုးတွေ့သူ ၁၁ ဦးရှိခဲ့သည်ဟု ရခိုင်ကိုဗစ် ၁၉ စောင့်ကြည့်ရေးအဖွဲ့မှ ထုတ်ပြန်သည်။

၎င်းတို့ ကျန်းမာရေး အခြေအနေနှင့်ပတ်သတ်၍မေးမြန်းရန် စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။

ရခိုင်က နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြီးခဲ့သည့် ဇူလိုင် ၁၅ရက်နေ့ကတည်း ကိုဗစ်ကြောင့်ပိတ်ထားခဲ့ပြီးနောက် အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြန်လည်ကုန်သွယ်နေကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ကို ဗစ်တတိယလှိုင်း စတင်ဖြစ်ပွား သည့် မေလ ၁၂ ရက်နေ့မှ နိုင်ဝင်ဘာ ၃၀ နေ့အထိ ကို ဗစ် အတည်ပြုလူနာ ၅၁၇၂ဦးနှင့် သေဆုံးသူ ၄၉၈ ဦး ၊ ဆေးရုံတွင် ကုသဆဲလူနာ ၂၀ ဦးရှိသေးသည်ဟု ရခိုင်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီ​၏ထုတ်ပြန်ချက်အရသိရသည်။

https://www.facebook.com/westernnewsagency/posts/419846473155196

Leave a Reply

Your email address will not be published.