ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသည့် လေကြောင်းခရီးသည်များ ကိုဗစ်စစ်ဆေးရန်မလိုတော့ဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

By Narinjara/ 2021 November 21

မြထွီးသျှင်

ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသည့်လေကြောင်းခရီးသည်များအနေဖြင့် လေကြောင်းဖြင့်ခရီးသွားမည်ဆိုပါက ကိုဗစ်ထပ်စစ်ရန်မလိုတော့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ် ၁၉ ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံထားပြီး အနည်းဆုံး (၁၄) ရက်ပြည့်မြောက်ပြီးဖြစ်ပါက ကိုဗစ် ၁၉ Rapid Diagnostic Tests (RDT) ကို ထပ်မံစစ်ဆေးရန်မလိုအပ်တော့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နိုဝင်ဘာလ ၁၆ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုထုတ်ပြန်ချက်သည် ဟုတ်မှန်သည်ဟုလည်း လေယာဉ်လက်မှတ်အရောင်းဌာနများက ပြောသည်။

စစ်တွေရှိ Star Wave လေယာဉ်လက်မှတ်အရောင်းဌာနမှ အရောင်းဝန်ထမ်း ကိုမောင်လှသိန်းက “ကာကွယ်ဆေးထိုးပြီးတဲ့သူက ၁၄ ရက်မပြည့်သေးဘူးဆိုရင်တော့ ကိုဗစ်စစ်ရပါဦးမယ်။ ကျန်းမာရေးဌာနက ထုတ်ထားတာတော့ ၁၆ ရက်နေ့ကပေါ့နော်။ ကျနော်တို့ကတော့ ဒီနေ့မှပဲသိရတာပါ”ဟုပြောသည်။

ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးကြောင်း အထောက်အထား ကတ်ပြားအား ဖုန်းဖြင့်ဓာတ်ပုံရိုက်၍ဖြစ်စေ၊ ကတ်အားပြသ၍ဖြစ်စေ လေဆိပ်တွင်ပြသနိုင်ပါက လေယဉ်စီးခွင့်ရရှိမည်ဟုလည်း သံတွဲခရိုင်ဆရာဝန်ကြီးက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

ယခုကဲ့သို့ ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် ထိုုးနှံထားပြီးသူများအား ကိုဗစ် ၁၉ မရှိကြောင်းထပ်မံစစ်ဆေးစရာမလိုတော့သည့်အတွက် အချိန်ကုန်၊ လူပင်ပန်းမဖြစ်ဘဲ စိတ်ချမ်းသာရပြီဟု ရန်ကုန်မှ စစ်တွေသို့လာမည့်လေကြောင်းခရီးသည် မဝင်းဝင်းနိုင်က ပြောသည်။

“ဒီလိုမျိုးလုပ်လိုက်တာက ပိုကောင်းပါတယ်။ မဟုတ်ရင်လူတွေက စောင့်ဆိုင်းရတဲ့အချိန်တွေလည်းကုန်တယ်။ ငွေကုန်၊ အချိန်ကုန်၊ လူပင်ပန်းနဲ့ မသွားခင်တစ်ရက်ကို အချိန်ပေးနေရတယ်” ဟုပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများကိုဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် ရက်သည် အနည်းဆုံး ၁၄ ရက်မပြည့်သေးပါက ခရီးစဉ်မထွက်မီ ၄၈ နာရီအတွင်းတွင် RDT Test Kid ဖြင့် ကိုဗစ် ၁၉ ရောဂါပိုးမရှိကြောင်း ဓာတ်ခွဲစမ်းသပ်ချက်ကို Check-in ဝင်သည့်အချိန်၌ ပြသနိုင်ရမည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ကိုဗစ် ၁၉ ဓာတ်ခွဲစမ်းသပ်ချက်အဖြေများမှာ (၄၈)နာရီထက် ကျော်လွန်ထားပါက ဆေးစစ်ချက်အဖြေကို လက်ခံမည်မဟုတ်ကြောင်းလည်း ပြောထားသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်၊ ထားဝယ်မြို့နယ်နှင့် မြိတ်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တို့တွင် နေထိုင်သူများအနေဖြင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားပြီးသော်လည်း RDT Test kid ဖြင့် ကိုဗစ် ၁၉ ရောဂါပိုးမရှိကြောင်းကို မဖြစ်မနေစမ်းသပ်ဆောင်ရွက်ရမည်ဟုလည်း ဆက်လက် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း နိုဝင်ဘာလ ၂၀ ရက်အထိ အတည်ပြုလူနာ ၅၁၅၂ ဦး၊ သေဆုံးသူ ၄၉၇ ဦးနှင့် ကုသဆဲလူနာ ၂၆ ဦးရှိခဲ့သည်။

ရခိုင်တွင် နိုဝင်ဘာလ ၂၀ ရက်က ကိုဗစ်ပိုးတွေ့လူနာ ၁၄ ဦးရှိခဲ့ပြီး ၄င်းတို့သည် လေကြောင်းဖြင့်ခရီးသွားမည့်သူများကိုစစ်ဆေးရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

https://www.facebook.com/narinjara.info/posts/4901771199834918

Leave a Reply

Your email address will not be published.