By Narinjara/ 2021 November 14
သဥ္ဇာနွယ်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်အတက်တွင် မင်းပြားမြို့နယ်၊ မေလွမ်းရွာမှ ဘုရားဖူးယာဉ်တိမ်းမှောက်၍ နှစ်ဦးသေဆုံးကာ ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာ ပြင်းထန်ရရှိသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသောသူမှာ မေလွမ်းရွာမှ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၂ ဦးဖြစ်ကြပြီး ပြင်းထန်ဒဏ်ရာရရှိသူမှာ အသက် ၇ နှစ်အရွယ်ယောကျ်ားလေး တစ်ဦးနှင့် အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရသူ ကလေးငယ်မှာ ပေါင်ကျိုးသွားပြီး အမျိုးသမီးမှာ နံရိုးကျိုးသွားကြောင်း သိရသည်။
အဆိုပါ ဘုရားဖူးကားသည် မင်းပြားမြို့နယ်၊ မေလွမ်းရွာမှ ပုဏ္ဏားကျွန်းသို့ ဘုရားဖူး၍ အပြန် ယနေ့ နေ့လယ် ၂ နာရီခွဲခန့်က ကျောက်တော်မြို့နယ် ကန်စောက်တောင်သို့အတက်တွင် ကားဘရိတ် မနိုင်၍ အောက်သို့ထိုးကျ တိမ်းမှောက်သွားသည်ဟု သာရေး၊ နာရေးကူညီမှု လုပ်ဆောင်နေသူ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ ဦးဦးဘသိန်းက ပြောသည်။
“ကားဘရိတ်မနိုင်လို့ချော်ကျတာထင်တယ်။ တောင်အတက်မှာ ကားက မတက်နိုင်ဘဲ အောက်ကိုလိမ့်ကျသွားတာ၊ လူက နှစ်ယောက်သေတယ် “ဟုပြောသည်။
ကားပေါ်တွင် ကားဒရိုင်ဘာအပါအဝင် ဘုရားဖူး ၁၇ ဦးပါရှိပြီး ပွန်းပဲ့ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိသည်ဟု ကျောက်တော်မြို့နယ် ဖြူစင်မေတ္တာပရဟိတအသင်းဥက္ကဋ္ဌ ဦးညီပုက ပြောသည်။
လက်ရှိတွင် သေဆုံးသွားသောသူများကို ကျောက်တော်မြို့နယ်၊ အပေါက်ဝတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး သေဆုံးသွားသည့် အမျိုးသမီးနှစ်ဦး အလောင်းကို မင်းပြားသို့ ယူဆောင်သွားကြောင်း သတင်းရရှိသည်။
နောက်ဆုံးရရှိသည့်သတင်းအရ ဒဏ်ရာပြင်းထန်သူများကို ယနေ့ ညနေ ၅ နာရီခန့်က စစ်တွေဆေးရုံသို့ ပိုဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4879317228746982