By VOA/ 2021 November 24
အကူအညီပေးရေးအဖွဲ့တွေ ဝေဖန်နေတဲ့ကြားကပဲ ရိုဟင်ဂျာဒုက္ခသည်တွေကို ဝေးလံခေါင်ဖျား ရေလွှမ်းနိုင်တဲ့ကျွန်းကို ပို့နေတာ ပြန်စတော့မယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ က ပြောပါတယ်။
ဒုက္ခသည်တွေရဲ့ဆန္ဒကိုဆန့်ကျင်ပြီး Bhashan Char ကျွန်းကို ပို့နေတာဖြစ်တယ်လို့ တချို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပေမဲ့ လုံးဝ ကိုယ့်သဘောနဲ့ကိုယ် သွားလိုသူတွေကိုသာ ပို့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ဒီအပတ်မှာ နောက်ထပ် ဒုက္ခသည် ၂,၀၀၀ ကို ပို့မှာပါ။မနှစ် ဒီဇင်ဘာလကတည်းက ဒုက္ခသည် ၁၉,၀၀၀ ကို ပို့ပေးပြီးဖြစ်ပါတယ်။
စုစုပေါင်း ရိုဟင်ဂျာဒုက္ခသည် ၁ သိန်းကို အာဏာပိုင်တွေက ပို့ဖို့ စီစဉ်တာဖြစ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးက သူတို့ကို ကူညီ အကာအကွယ်ပေးဖို့ ပြီးခဲ့တဲ့လက သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။ အိမ်ရာအဆောက်အဦထောင့်ကပြောရင် ကောင်းကောင်း ဒီဇိုင်းထုတ် စီစဉ်ထားတာ ဖြစ်ပေမဲ့ အလေးထားရမယ့် ပြဿနာတွေ ရှိနေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကြီးရဲ့ အာရှ ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး Alexander Matheou က ပြောပါတယ်။
ကျွန်းပေါ်မှာ ရနိုင်တဲ့ကျန်းမာရေးစောင့်ရှောက်မှုက အလွန့်အလွန်ကို အခြေခံကျရုံသာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ကျန်ခဲ့တဲ့ မိသားစုဆီသွားလည်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ကူးချည်သန်းချည် သွားနိုင်ဖို့ ခက်တဲ့နေရာဖြစ်တယ်လို့ သူက ဆိုပါတယ်။
Bhashan Char ကျွန်းဟာ ဘင်္ဂလားဒေ့ရှ် နဲ့ ၃၇ မိုင် ဝေးတဲ့ ပင်လယ်ထဲမှာ ရှိပြီး ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရနိုင်ခြေများတဲ့ကျွန်းပါ။ လွန်ခဲ့တဲ့ အနှစ် ၅၀ အတွင်းမှာ မုန်တိုင်းကြောင့် လူ ၁ သန်းလောက် သေဆုံးခဲ့ရပါတယ်။
Bhashan Char ကျွန်းကိုသွားရင် မြန်မာပြည်ကို ပြန်ရမှာမဟုတ်တော့တဲ့အတွက် ကျမကတော့ မသွားဘူးလို့ အေအက်ဖ်ပီ သတင်းဌာနကို ရိုဟင်ဂျာဒုက္ခသည် တယောက်က ပြောပါတယ်။
https://www.facebook.com/VoA.Burmese.News/posts/10159563333690170