By Western News/ 2021 October 9
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ အမှတ် ၆ ရပ်ကွက်တွင်တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံမြေနေရာ အငြင်းပွားမှုကို ဖြေရှင်းပေးမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/ AA က အောက်တိုဘာလ ၈ ရက်တွင် အကြောင်းပြန်လာကြောင်း တိုင်ကြားထားသူများက ပြောသည်။
ရမ်းဗြဲမြို့အောက်ဆီဂျင်စက်ရုံမြေနေရာမှာ ဦးဘစံအမည်ပေါက်ပိုင်ဆိုင်သည့် မြေနေရာဖြစ်ပြီး လက်ရှိတွင် ရမ်းဗြဲမြို့ အမှတ် ၅ ရပ်ကွက်မှ ဦးထွန်းကြည်(ဗိုလ်ပြုတ်)နှင့် အဖွဲ့က မင်းမဲ့စရိုက်ဆန်စွာ အတင်းအားဓမ္မ ကျူးကျော်၍ အောက်ဆီဂျင်စက်ရုံဆောက်လုပ်နေသည်ဟု တိုင်ကြားစာတွင်ပါရှိသည်။
ယင်းနှင့်ပတ်သတ်၍ဖြေရှင်းပေးရန် ဒေါ်ညွန့်ညွန့်တင် အပါအဝင် ၃ ဦးတို့က သြဂုတ်လ ၂၈ ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ၏ တရားရေးဌာနသို့ တိုင်ကြားထားခြင်းဖြစ်သည်။
မြေနေရာအငြင်းပွားမှုအား အကောင်းဆုံးဖြေရှင်းပေးမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA တာဝန်ရှိသူတစ်ဦးက ဆက်သွယ်လာခဲ့ပြီး ကမန်အမျိုးသားတိုးတက်ရေးပါတီတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း မြေနေရာအငြင်းပွာမှုအားဖြေရှင်းပေးရန်တိုင်ကြားထားသည့် ဒေါ်ညွန့်ညွန့်တင် က Western News ကိုပြောသည်။
“သူကတော့ အကောင်းဆုံးတစ်ခုဖြစ်အောင်ညှိနှိုင်းမယ်လို့ပြောတယ်။ ပြီးတော့ ကျမတို့ ကမန်တိုးတက်ရေးပါတီက တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးမယ်လို့ပြောတယ်။ ပြီးတော့ ဒီကိစ္စက သိပ်မကြာဘူးလို့ပြောတယ်။ ကျမတို့ကတော့ သူတို့ဖြေရှင်းပေးမယ့် အဖြေကို စောင့်နေတယ်”ဟုပြောသည်။
ဆက်လက်၍လည်း အောက်ဆီဂျင်စက်ရုံကို တည်ဆောက်ပြီးမှ တိုင်ကြားထားသည့်အတွက် ၄င်းတို့အနေဖြင့် ညှိနှိုင်းမှုကို လက်ခံသွားမည်ဟု ဒေါ်ညွန့်ညွန့်တင် က ပြောသည်။
အဆိုပါမြေနေရာအငြင်းပွားမှုနေမှုအား ULA က ဖြေရှင်းပေးမည့်အပေါ် ရမ်းဗြဲမြို့အောက်ဆီဂျင် စက်ရုံဖြစ်မြောက် ရေးကော်မတီ၏ မှတ်ချက်ရဖို့ စက်ရုံဖြစ်မြောက်ရေးကော်မတီထံဆက်သွယ်ရာ ဖြေဆိုရန်ငြင်းဆန်သည်။ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခအား ဆက်သွယ်ခဲ့သော်လည်း ဖြေကြားခြင်းမရှိခဲ့ပါ။
ယင်းအပြင် ရမ်းဗြဲမြို့နယ် မြေစာရင်းဦးစီးမှူး ဦးအောင်ထွန်းသာအား စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာလ ၉ ရက်နေ့အထိ Western News သတင်းဌာနက ဖုန်း ၂၆ ကြိမ်အထိ ခေါ်ဆိုခဲ့ရာ တစ်ကြိမ်မျှ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိသလို ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းအား ခေါ်ဆိုခဲ့သော်လည်း မအားဟုဆိုကာ ဖုန်းချသွားခဲ့သည်။
https://www.facebook.com/westernnewsagency/posts/386244033182107