PDF နှင့်ဆက်စပ်သံယယဖြင့် ဖမ်းဆီးခံထားရသူ လူငယ်စာရေးဆရာမင်းဒီပါကို ယခုလ ၂၉ ရက်နေ့ ရုံးထုတ်စစ်ဆေးမည်

By Narinjara/ 2021 October 23

ချစ်အိလှိုင်

PDF နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုပုဒ်မ ၅ဝ(ည)ဖြင့် အမှုဖွင့် ခံထားရသည့် မြောက်ဦးမြို့နယ်မှ ရခိုင်လူငယ်စာရေးဆရာ မင်းဒီပါကို လာမည့်အောက်တိုဘာ ၂၉ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဟု သတင်းရရှိသည်။

အသက် ၂၃ နှစ် အရွယ် စာရေးဆရာမင်းဒီပါ(ခ) ကိုအောင်နိုင်မြင့်ကို အောက်တိုဘာ၁၅ ရက်နေ့က မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာရှိ ၄င်း၏ နေအိမ်မှ ရဲတပ်ဖွဲ့က PDF နှင့် ဆက်စပ်သံသယဖြင့် လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၄င်းအား ဖမ်းဆီးခံရပြီးနောက် တွေ့ခွင့်မရသဖြင့် မိသားစုဝင်များအနေဖြင့် စိုးရိမ်နေကြကြောင်း ကိုမင်းဒီပါ၏ အစ်ကိုဖြစ်သူ ကိုအောင်မြင့်က နိရဥ္စရာအားပြောသည်။

“ သူ့အတွက်စိုးရိမ်နေကြပါတယ်။ မဟုတ်တာကိုတော့ အဟုတ်လုပ်ပြီး ဖမ်းထားလို့မရဘူးလို့ ထင်ပါတယ်။ သူ့အတွက် သိပ်နစ်နာသွားမှာပါ။ စိတ်မကောင်းပါဘူး” ဟုပြောသည်။

လွန်ခဲ့သည့် အောက်တိုဘာ ၁၈ ရက်နေ့က ရမန်ရုံးချိန်းတွင် ကိုမင်းဒီပါက ၄င်းမှာ PDF နှင့် တစ်စုံတစ်ရာ ဆက်စပ်မှုမရှိကြောင်း ငြင်းဆိုခဲ့သည်ဟု သူကဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးမြို့ရဲစခန်းသို့ မေးမြန်းစုံစမ်းရာ တာဝန်ကျ ရဲအရာရှိတစ်ဦးက ကိုမင်းဒီပါအား အကြမ်းဖက်မှုပုဒ်မ ၅ဝ(ည)ဖြင့်အမှုဖွင့်ထားပြီး လာမည့် အောက်တိုဘာ ၂၉ ရက်နေ့တွင် ရုံးချိန်းခေါ်ယူထားသည်ဟု ပြောကြားသည်။

ကိုမင်းဒီပါ(မြို့ဟောင်းမြေ) မှာ လူငယ်စာရေးဆရာတစ်ဦးဖြစ်ပြီး “မာယာကင်းမဲ့ဇုံ” အမည်ဖြင့် လုံးချင်း ဝတ္ထုစာအုပ်ကို လွန်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလခန့်ကဖြန့်ဝေခဲ့သည်။

https://www.facebook.com/narinjara.info/posts/4807737362571636

Leave a Reply

Your email address will not be published.