Green Network စစ်တွေမှ လှူဒါန်းထားသည့်အမှိုက်ပုံးများ စည်ပင်ကလာသိမ်း၊ လမ်းမကြီးများတွင်အမှိုက်များ ပြန်လည်ပြန့်ကြဲ

By Western News/ 2021 October 7

ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်း အမှိုတ်များကို စနစ်တကျစွန့်ပစ်နိုင်ရန်ရည်ရွယ်ပြီး Green Network စစ်တွေမှ လှူဒါန်းထားသည့်အမှိုက်ပုံးများ စည်ပင်ကလာရောက်သိမ်းသွားသည်ဟု Green Network Sittwe မှ တာဝန်ရှိသူက ပြောသည်။

စစ်တွေမြို့ သန့်ရှင်းစေရန်အတွက်ရည်ရွယ်ပြီး မြို့နယ်စည်ပင်မှ တစ်ဆင့် မြို့ရှိနေရာအနှံ့အပြားတွင်ထားရန် အမှိုက်ပုံး ၁၀၀ ကျော်လှူဒါန်းခဲ့သော်လည်း စည်ပင်ကပြန်သိမ်းသွားသည့်အတွက် လက်ရှိတွင် အမှိုက်ပုံး ၁၀ ကျော်ခန့်သာကျန် ရှိတော့သည်ဟု Green Network Sittwe တည်ထောင် သူ ဒေါ်စောမြသန္တာကပြောသည်။

“ကျွန်မတို့အစတုန်းကတော့ စစ်တွေမြို့သန့်ရှင်းစေဖို့အတွက်ပေါ့ စည်ပင်နဲ့အမြဲတိုင်ပင်တယ်။ သူတို့က အမှိုက်ပုံးတွေ လိုအပ်တယ်ဆိုလို့ ကျွန်မတို့ အမှိုက်ပုံး ၅၂ လုံးတစ်ခါ၊ နောက်တစ်ခါ ၅၀ စုစုပေါင်း ၁၀၀ ကျော် လှူဒါန်းပါတယ်။ ကျွန်မတို့ ကိုယ်တိုင် မေယုလမ်းမကြီး တောက်လျှောက်၊ ကမ်းနားလမ်းတို့ နဲ့ BXT တို့မှာထား ခဲ့တယ်။ ခုတော့ ကမ်းနားလမ်းမှဆို လုံးဝမရှိတော့ဘူး။ နေရာအကုန်လုံးမှ ၁၀ကျော်လောက်ရှိ တော့တယ်။ စည်ပင်ကတော့ အမှိုက်ကား မလုံလောက်လို့ပြန်သိမ်းထားတယ်တဲ့”ဟုပြောသည်။

အဆိုပါ အမှိုက်ပုံး ၁၀၀ ကျော်ကို ယခုနှစ် ၂၀၂၁ ခုနှစ် ဇန်နဝါလနှင့် မတ်လကုန်နီးပါးတို့တွင် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လတွင် ၄င်းအမှိုတ်ပုံးများမတွေ့ရတော့ကြောင်းလည်း Green Network Sittwe တည်ထောင်သူ ဒေါ်စောမြသန္တာကပြောသည်။

အမှိုက်ပုံးများ လာရောက်ထားခဲ့စဉ်က အမှိုက်များကို ပုံးတွင်းသို့ စနစ်တကျစွန့်ပစ်ခဲ့သော်လည်း လက်ရှိတွင် အမှိုက်ပုံးမရှိတော့သဖြင့် ပလစ်စတစ်ခွံများနှင့် mask များ လမ်းတွင်စွန့်ပစ်မှုရှိနေကြောင်း စစ်တွေမြို့ ရူပမြောက်ရပ်ကွက် တွင်နေထိုင်သူ တစ်ဦးကပြောသည်။

“အမှိုက်ပုံးထားလာတာလည်း မြင်လိုက်ပါတယ်။ အမှိုက်ပုံးထဲ အမှိုက်တွေပြည့်နေပြီ လာမယူတာတွေပါတွေ့ရ တယ်။ ခုတော့ အမှိုက်ပုံးမတွေ့တော့ဘူး။ ဘယ်ရောက်သွားလဲတော့ မသိဘူး။ အမှိုက်ပုံးမရှိတော့ စည်း ကမ်းမဲ့စွန့်ပစ်တာလာကြပြီ”ဟုပြောသည်။

အမှိုက်ပုံးများကို ပြန်လည်သိမ်းထားသည့် ကိစ္စနဲ့ပတ်သတ်၍ စစ်တွေမြို့နယ် စည်ပင်သာယာရေး ဦးစီးအရာရှိ ဒေါ် စံဝင်းဖြူကို ဆက်သွယ်သည့်အခါ သူမအနေနှင့် မဖြေကြားနိုင်ကြောင်း အထက်အရာရှိကိုတင်ပြရမည် ဖြစ်ကြောင်းပြောသည်။

ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့ကြီး ယခုထက်ပိုသန့်ရှင်းစေရန်အတွက် ဒေသခံများက စည်းကမ်းရှိရန်လိုအပ်သလို စည်ပင်နှင့် အရပ်ဘက်အဖွဲ့အစည်းများကလည်း ပူပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းထောက်ပြကြသည်။

စစ်တွေမြို့တွင် လူအများစည်းကားလေ့ BXT ဆိပ်ကမ်း၊ ကမ်းနားလမ်း၊ မေယုဈေးရှေ့၊ လောကနန္ဒာရှေ့၊ မြို့နယ် ပညာရေးမှူးရုံးဘေး စသည့်နေရာများအပါအဝင် တစ်ခြားနေရာများတွင် အမှိုက်ပုံများစည်းကမ်းမဲ့စွာစွန့်ပစ် ထားကြသည်ကိုတွေ့ရသည်။

https://www.facebook.com/westernnewsagency/posts/384713023335208

Leave a Reply

Your email address will not be published.