AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်ပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်အမျိုးသမီး ၅ ဦးတွင် ၃ ဦးသာ ပြန်လွတ်သေး

By Western News/ 2021 October 14

ရက္ခို့တပ်တော် AA နှင့်ဆက်စပ်သည့်ဟု ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲခံထားခဲ့ရသည့် ရခိုင်အမျိုးသမီး ၅ ဦးတွင် ၃ ဦးသာပြန်လည်လွတ်မြောက်သေးသည်ဟု ရခိုင့်အခွင့်ရေးကာကွယ်မြှင့်တင်သူများအဖွဲမှ သိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၂(ဈ) ၊ ၅၄၊ ၅၂(ည) ၅၂(က) တို့ဖြင့်တရားစွဲခံထားခဲ့ရသူ ၅ ဦးမှာ AA တပ်မှုးချုပ်၏ ညီမ မမိုးနှင်းဖြူ၊ စင်ကာပူအသင်းမှ မမေမြတ်မွန်၊ ပုဏ္ဏားကျွန်းမှ ဒေါ်မသန်း၊ ကျောက်တော် မာလာကျေးရွာမှ ဒေါ်မချေနှင့် မြောက်ဦးမြို့ လက္ကာကျေးရွာမှ ဒေါ်လှတင်နုတို့ဖြစ်သည်။

ပြန်လွတ်လာခဲ့သည့် ၃ ဦးမှာ AA တပ်မှုးချုပ်၏ ညီမ မမိုးနှင်းဖြူ၊ စင်ကာပူအသင်းမှ မမေမြတ်မွန်၊ ကျောက်တော် မာလာကျေးရွာမှ ဒေါ်မချေတို့ဖြစ်သည်။ မမိုးနှင်းဖြူနှင့် မမေမြတ်မွန် ၂ ဦးမှာ ယခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးမှ ပြန်လွတ်လိုက်ခြင်းဖြစ်ပြီး ဒေါ်မချေမှာ စက်တင်ဘာ ၁၄ ရက်နေ့တွင် မြောက်ဦးခရိုင်တရားရုံးက ပြန်လွတ်ပေးလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ပြန်မလွတ်သေးဘဲ ဆက်လက်တရားရင်ဆိုင်နေရသည့် ၂ ဦးမှာ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ဒေါ်မသန်းနှင့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ဒေါ်လှတင်နုတို့ဖြစ်ကြသည်။

ယင်းအပြင် ဒေါ်လှတင်နုမှာ ရက္ခိုင့်တပ်တော် AA နှင့်ဆက်စပ်မှုတစ်စုံတစ်ရာမရှိဘဲ မိဘနှစ်ပါးကိုရိုးရိုးသားသား ဖြင့်လုပ်ကိုင်ကျွေးမွေးနေသူဖြစ်သည့်အတွက် အမြန်ဆုံးပြန်လွတ်ပေးစေချင်သည်ဟု ဒေါ်လှတင်နု ၏အစ်မဖြစ် သူ ဒေါ်မိုးစန္ဒာက Western News ကိုပြောသည်။

“ကျွန်မရဲ့ ညီမက ကြမ်းဖက်မှုတွေ လုပ်ကိုင်ခဲ့တာလည်းမရှိဘူး။ မိဘကို ရိုးရိုးသားသား လုပ်ကိုင်ကျွေးမွေးနေတာ ပါ။ အခုသူကဖမ်းဆီးခံထားရတယ်ဆိုတော့ သူ့သမီးရဲ့ ပညာရေးလည်း ကောင်းမွန်စွာမသင်ရဘူး။ ကျွန်မ ညီမ အပါဝင် ကျွန်မတို့ရွာသားတွေအားလုံးကို ပြန်လွတ်ပေးစေချင်တယ်”ဟုပြောသည်။

ဒေါ်လှတင်နုအား တရားခံပြေးစာရင်းပါသည်ဟုဆိုကာ မြောက်ဦးမြို့ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းမှ ၂၀၂၀ ခုနှစ် နိုင်ဝင်ဘာလ ၁၁ ရက်နေ့ကဖမ်းဆီးခဲ့ပြီး ဒုရဲမှူးဇော်မျိုးဝင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၂(ဈ) နှင့် ၅၄ တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် စွဲဆိုထားခြင်းဖြစ်သည်။

ယင်းအပြင် ဒေါ်မသန်းမှာ ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ၂၀၂၀ ခုနှစ် ဇွန်လ ၃ ရက်က ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ မှ ဗိုလ်ကြီးဟိန်းမိုးအောင်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၂ (ည) တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် စွဲဆိုခဲ့ခြင်းဖြစ်သည်။

၄င်းအား စွဲချက်တင်ထားကာ လာမည့်ရုံးချိန်းတွင် တရားခံအားစစ်မည်ဟု အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ့ ဦးကျော်ွန့်မောင်က Western New ကိုပြောသည်။

https://www.facebook.com/westernnewsagency/posts/389729412833569

Leave a Reply

Your email address will not be published.