AA နှင့် ဆက်စပ်သည်ဟုဆိုကာ တရားစွဲခံထားရသူ ကိုအောင်ဝင်းနိုင်အမှုကို လာမည့် ၁၈ ရက်တွင် လိုပြသက်သေများ အားစစ်ဆေးမည်

By Western News/ 2021 October 11

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ မိုးပညာဒါနပရဟိတကျောင်းမှ ဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်ကို AA နှင့်ဆက်စပ်မှုဖြင့် စွဲဆိုထားသည့်အမှုအား လာမည့်အောက်တိုဘာ ‌၁၈ ရက်နေ့တွင် လိုပြသက်သေများအား ထပ်စစ်ဆေးမည် ဖြစ်ကြောင်း အမှုလိုက်ရှေ့နေနှင့် မိသားစုဝင်များမှ ပြောသည်။

မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နေ့က ရုံးထုတ်ပြီး တရားလိုနှင့် လိုပြသက်သေအားစစ်ဆေးခဲ့ကာ လာမည့် ၁၈ ရက်နေ့တွင်လည်း လိုပြသက်သေများအားစစ်ဆေးမည်ဖြစ် ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးအောင်ကြည်နိုင်ကပြောသည်။

“ပြီးခဲ့တဲ့ ၆ ရက်နေ့က ရုံးထုတ်ခဲ့တယ်။ အဲ့မှာ တရားလိုတစ်ယောက်ဖြစ်တဲ့ တောင်ကုတ် ၅၄၄ တပ်ရင်းက ဗိုလ်ကြီး ကျော်ဇင်ဦးရယ် နောက်ပြီး လိုပြသက်သေတစ်ယောက်စစ်တယ်။ သူကတော့ စရဖ က တပ်ကြပ်ကြီး ချစ်စမ်းမောင်။ ခုလာမယ့် ၁၈ ရက်မှာလည်း လိုပြသက်သေတွေပဲထပ်စစ်မှာ” ဟုပြောသည်။

မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) အမှုကို AA နှင့်ဆက်စပ်မှုဖြင့်စွဲဆိုခြင်းဖြစ်ပြီး ယခုအမှုတွင် တရားလို ၁ ဦးနှင့် လိုပြသက်သေ ၅ ဦးရှိကြောင်း ရှေ့နေမှ ဆက်ပြောသည်။

ယခုကဲ့သို့ တရားစွဲဆိုခံထားရသည့်အတွက် မိသားစုနစ်နာမှုရှိပြီး ကိုအောင်ဝင်းနိုင်မှာလည်း လတ်တလော ကျန်းမာရေးအခြေအနေများမှာကောင်းမွန်ခြင်းမရှိ၍ စိုးရိမ်နေရကြောင်း ဇနီးဖြစ်သူ မတွယ်တာစိုးမှ ပြောသည်။

“ဖမ်းဆီးခံထားတာလည်းကြာပြီ။ ခုဆိုအမှုလည်းရင်ဆိုင်နေရတာပေါ့။ ခုလိုဖြစ်တော့ နစ်နာတာတွေကတော့ မိသားစုဘက်၊ အဖမ်းခံရသူဘက် အကုန်လုံးပါပဲ။ ခုတလော သူ့ကျန်းမာရေးကလည်းမကောင်းဘူး။ ရင်ဘတ်တွေ အောင့်တယ်လို့ပြောတယ်။ အဖမ်းခံထားသူတစ်ဖက်နဲ့ ဒီကြားထဲမိသားစုစားဝတ်နေရေးကလည်း ရှိတော့ အဆင်မပြေမှုတွေက အများကြီးပဲ။ ဖြစ်နိုင်ရင်တော့ အမြန်ဆုံးစစ်ဆေးပြီး လွတ်မြောက်‌စေချင်တယ်” ဟုပြောသည်။

ကိုအောင်ဝင်းနိုင်မှာ AA နှင့်ဆက်စပ်မှုဖြင့် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) အပြင် လိုင်စင်မဲ့ကား စီးနင်း မှုဖြင့် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့်လည်းတရာစွဲဆိုခံထားရပြီး ၎င်းအမှုကိုရုံးထုတ် စစ်ဆေးခြင်းမရှိသေးဟုအမှုလိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေကပြောသည်။

ကိုအောင်ဝင်းနိုင်ဖမ်းဆီးခံရစဉ်က AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မိသားစုဝင်များမှ ပြောဆိုမှုများရှိခဲ့ပြီး အမှုဖွင့်တရားစွဲဆိုခြင်းမခံရမီ ၁ လကျော်ခန့် အဆက်သွယ်မရဘဲပျောက်ဆုံးနေခဲ့ သေးသည်။

AA နှင့်ဆက်စပ်မှုရှိသည်ဆိုသည့်အပေါ် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဖမ်းဆီးခံလူငယ်များမှာ ၎င်းတို့နှင့် တစ်စုံတစ်ရာဆက်စပ်မှုမရှိကြောင်း ပရဟိတလုပ်ကိုင်သူများဟုသာ သိရှိရကြောင်း ၂၀၂၁ ဇွန်လအတွင်းက Western News ကိုဖြေဆိုခဲ့သည်။

ယခုတရားစွဲခံထားရသူ ကိုအောင်ဝင်းနိုင်မှာ ဇွန်လ ၅ ရက်နေ့ နေ့လည်ပိုင်းခန့်က သံတွဲ-တောင်ကုတ် ဖုံညိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံရစဉ် ကိုအောင်ဝင်းနိုင်နှင့် အတူ တခြားလူငယ် ၆ ဦးလည်းပါဝင်ကာ ယင်းလူငယ်များကို ယခုချိန်ထိစုံစမ်း၍မရရှိသေးပေ။

https://www.facebook.com/westernnewsagency/posts/387482509724926

Leave a Reply

Your email address will not be published.