By Western News/ 2021 October 27
ကိုဗစ်ဒုတိယလှိုင်း ဖြစ်စဉ်ကတည်းက ပိတ်ထားသည့် စစ်တွေမြို့မှ ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်တို့အား ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ရက်အတိအကျသတ်မှတ်ထားခြင်းမရှိသေးဟု ရှေ့ဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီဌာနမှပြောသည်။
လက်ရှိတွင် ပြတိုက်များအားပြန်လည်ဖွင့်လှစ်ရန်အစီစဉ်များ ရှိနေသော်လည်း မည့်သည့်နေ့ရက်တွင်ဖွင့်လှစ်သွားမည်ကို တိတိကျကျပြောနိုင်ခြင်းမရှိသေးဟု ရခိုင်ပြည်နယ် ရှေ့ဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီဌာနမှ ဒုတိယညွှန့်ကြားရေးမှူးဦးဆန်းဝင်းက Western News ကိုပြောသည်။
“ပြတိုက်တွေကို ဖွင့်သွားမယ် အစီစဉ်တွေတော့ရှိတယ်။ ဒါပဲမယ့် တရားဝင်ကြေငြာချက် မထွက်သေးဘူး။ ဒီလလောက်တော့ထွက်လာနိုင်တယ်။ ကျွန်တော်တိုမှာက ကိုဗစ်ကြောင့် ပြတိုက်ကိုလူတွေသွင်းလို့မရသေးဘူး။ ပြတိုက်တွေမှာ ဝန်ထမ်းတွေ စီမံခန့်ခွဲမှုတွေတော့ရှိပါတယ်”ဟုပြောသည်။
လက်ရှိတွင် ပြတိုက်များတွင် ခေါင်မိုးပျက်စီးမှုအချို့ရှိပြီး သန့်ရှင်းရေးလုပ်ငန်းများအားပုံမှန်လုပ်ကိုင်လျှက်ရှိကာ ပျက်ဆီးဆုံးရှုံးမှုကြီးကြီးမားမားမရှိဟု ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဦးစီးဌာနမှပြောသည်။
ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်များတွင် ရှေ့ဟောင်းအမွေအနှစ်များကို ပြသထိန်းသိမ်းထားသည့် နေရာများဖြစ်သောကြောင့် အများပြည်သူဝင်ရောက်လည်ပတ်နိုင်ရန်အတွက် ဖွင့်လှစ်ထားသင့်သည်ဟု ဝံလက်ဖောင်ဒေးရှင်းဒါရိုက်တာ ဦးခိုင်ကောင်စံက Western News ကိုပြောသည်။
“အဓိကတော့ ဗုဒ္ဓပြတိုက်တို့ ယဉ်ကျေးမှုပြတိုက်တို့ဆိုတာက စစ်တွေက လူတွေဖြစ်ဖြစ်၊ နိုင်ငံခြားသားတွေပဲဖြစ်ဖြစ် တခြားမြို့နယ်က လူတွေကလည်း ဒီရာသီ ပွင့်လင်းရာသီရောက်ပြီဆို့တော့ စစ်တွေကိုရောက်လာကြတော့ လည်ပတ်စရာလည်းမရှိဘူး။ အခုက စစ်တွေမှာ ပွိုင့်ကမ်းခြေလောက်ဘဲလည်ပတ်သွားလာလို့ရတယ်။ အမှန်ဆိုရင် ဗုဒ္ဓပြတိုက်တို့ ယဉ်ကျေးမှုပြတိုက်တို့ဆိုတာက အမြဲတမ်းဖွင့်ပေးထားဖို့လိုအပ်တယ်။ ဘာကြောင့်ဆိုတော့ ယဉ်ကျေးမှုပြတိုက်ဆိုလည်း ရခိုင်တွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ပတ်သက်ပြီး ဓာတ်ပုံတွေရှိတယ် တစ်ချို့ရုပ်ထုတွေရှိတယ်။ ဗုဒ္ဓပြတိုက်ပြဆိုရင်လည်း ဗုဒ္ဓနဲ့ပတ်သတ်တဲ့ ဆင်းထုတော်တွေ ရှိတော့ ပြည်သူတို့ လည်ပတ်ဖူးမျှော်ခွင့်တွေမရကြဘူး။ အမြဲတမ်းပိတ်ထားတယ်ဆို့တော့ ဒီထက်ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေလိုအပ်တယ်”ဟုပြောသည်။
ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်တို့တွင် ရခိုင့်ဘုရင်များခေတ်အဆက်ဆက်များက နန်းစိုက်ခဲ့သည့်နေရာများ ယခင်က အသုံးပြုခဲ့သည့် အသုံးအဆောင်များနှင့် ရိုးရာဝတ်စုံများ ရှေးဟောင်းဘုရားဘုရားများတို့ ထားရှိသည်။
၄င်းပြတိုက်များသို့ ဝင်ရောက်ကြည့်ရှုခွင့် ဝင်ကြေးမှာ လူကြီးတစ်ဦးလျှင် ၂၀၀ ကျပ်၊ လူငယ် ၁၀၀ ကျပ် နိုင်ငံခြားသားတစ်ဦးလျှင် ၅၀၀၀ ကျပ်သတ်မှတ်ထားပြီး ကျောင်းသားများကို အခမဲ့ကြည်ရှုလေ့လာခွင့်ပြုထားသည်။
ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက် နှစ်ခုလုံးအားပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဩဂုတ်လ ကတည်း ကိုဗစ်ဒုတိယလှိုင်းဖြဖြစ်ပွားချိန်မှစ၍ ၁ နှစ်ကျော်ကြာပိတ်ထားခြင်းဖြစ်သည်။