ဦးသန်းထွန်း ကျန်းမာရေးကောင်းမွန်ဟု ပြည်နယ် စစ်ကောင်စီပြော

By Western News/ 2021 October 2

ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးသန်းထွန်းမှာ အရေးပေါ် ဆေးကုသမှုခံနေရသော်လည်း ကျန်းမာရေးကောင်းမွန်ကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီမှ ပြောသည်။

ဦးသန်းထွန်းမှာ ယနေ့အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းအထိ ကျန်းမာရေးကောင်းမွန်ကြောင်း စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီးမှ အကြောင်းကြားလာသည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက Western News ကို ယနေ့ညနေပိုင်းတွင် ပြောသည်။

“မနက် ၈ နာရီလောက်က ဆေးရုံအုပ်ကြီးက အကြောင်းကြားလာတယ်။ ဦးသန်းထွန်းကို မနေ့က ငါတို့ခေါ်လာပြီးတော့ ဆေးရုံတင်ခဲ့တာကို။ ဆိုတော့ ဒီနေ့ နံနက်က သတင်းပို့တယ်။ သူ့ရဲ့သွေးတိုးဆီးချိုအခြေအနေက ပုံမှန်ဖြစ်သွားပြီ။ မနေ့ကလည်း အိပ်နိုင်တယ်။ အခြေအနေကောင်းတယ်”ဟုပြောသည်။

သို့သော်လည်း ယနေ့ညပိုင်းတွင် ဦးသန်းထွန်း၏ ကျန်းမာရေးအခြေအနေအား အသေးစိတ်မသိရသေးရသလို အင်တာနက်ပေါ်တွင် ဦးသန်းထွန်းအခြေအနေနှင့် ပတ်သတ်၍ စိုးရိမ်းနေရသည့်သတင်းများ ထွက်ပေါ်နေသည်မှာလည်း မဟုတ်မှန်ကြောင်း ပြောသည်။

ဦးသန်းထွန်းမှာ စက်တင်ဘာ ၃၀ ရက်က ကျောက်တော်မြို့ အောက်ဆီဂျင်စက်ရုံသို့သွားစဉ် ရဟတ်ယာဉ်မှ ဆင်းကတည်းက ကျန်းမာရေးချို့ယွင်းမှုဖြစ်နေ၍ ကျောက်တော်ပြည်သူ့ဆေးရုံတွင် ၃ နာရီကြာ ဆေးကုသမှုခံယူခဲ့ရပြီး ညနေ ၄ နာရီခွဲခန့်တွင် စစ်တပ်ပိုင် ရဟတ်ယာဉ်ဖြင့် စကခ ၉ မှ စစ်တွေသို့ ယူဆောင်လာခဲ့ရသည်။

လက်ရှိတွင် ဦးသန်းထွန်းကို ဆေးကုသရန်အတွက် ရန်ကုန်မှ နှလုံးအထူးကုဆရာဝန်များနှင့် ချိတ်ဆက်နေပြီး ယခုအပတ်အတွင်း ၂ ရက်၊ ၃ ရက်ခန့်စောင့်ကြည့်ပြီးမှသာ ရန်ကုန်သို့ပို့ဆောင်ကာ ဆေးကုသမည်ဟု ဦးလှသိန်းက ပြောသည်။

https://www.facebook.com/westernnewsagency/posts/381399113666599

Leave a Reply

Your email address will not be published.